ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နေရာ အများဆုံး အနိုင်ရ

  • 2 ဧပြီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption NLD အနေနဲ့ ကယားပြည်နယ်က မဲဆန္ဒနယ် တနေရာက လွဲလို့ ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်း၊ မွန်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရှိတဲ့ နေရာ ၁၈ နေရာမှာ ယှဉ်ပြိုင်ခဲ့

မြန်မာနိုင်ငံ တလွှားက လစ်လပ် မဲဆန္ဒနယ် (၁၉) နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲတွေကို ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများဆုံးအဖြစ် နေရာ ကိုးနေရာမှာ အနိုင်ရသွားပါတယ်။

ဒုတိယ အများဆုံးအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် က နေရာ ခြောက်နေရာမှာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က တနေရာစီ အသီးသီး အနိုင်ရခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကယားပြည်နယ်က မဲဆန္ဒနယ် တနေရာက လွဲလို့ ရန်ကုန်၊ စစ်ကိုင်း၊ ရှမ်း၊ မွန်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရှိတဲ့ နေရာ ၁၈ နေရာမှာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ချောင်းဆုံ၊ အမ်း၊ ကျေးသီးနဲ့ မိုင်းရှူးနဲ့ ကျိုင်းတုံနယ်တွေမှာ မဲရလဒ် အကြိတ်အနယ်ဖြစ်ပြီးမှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ခက်ခဲမယ်လို့ ယူဆတဲ့ ရှမ်းပြည်နယ်ဘက်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အမ်းမြို့နယ်နဲ့ ချောင်းဆုံက ရှုံးနိမ့်မှုတွေကိုလည်း ပြည်သူ့ဆန္ဒအနေနဲ့ လက်ခံပါတယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က ဘီဘီစီကို ပြောပါတယ်။

ကျားခေါင်းပါတီလို့ ခေါ်ဝေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရှမ်းပြည်နယ်တွင်း ၇ နေရာမှာ ဝင်ပြိုင်ခဲ့ပြီး ၆ နေရာမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ဘက်မှာ ရှမ်းပါတီတခုက အများစု အနိုင်ရခဲ့တာကို ဂုဏ်ယူပြီး ဒေသတွင်းက ကျောက်မျက်ရတနာ အရင်းအမြစ်တွေရဲ့ အကျိုးကျေးဇူးတွေကို ဒေသခံတွေ မခံစားရတဲ့အတွက် ကျောက်မျက် ဥပဒေ ပြင်ဆင်ရေး လုပ်သွားမယ့်အပြင် ဒေသဖွံ့ဖြိုးရေး ကိုလည်း ဦးစားလုပ်သွားမယ်လို့ မိုင်ရှူးဘက်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိုင်းထွန်းအေးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၁၅ ခုနှစ်တုန်းက နယ်မြေ မတည်ငြိမ်တဲ့ အကြောင်းပြချက်နဲ့ မကျင်းပဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် ခြောက်နေရာမှာ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နဲ့ ဦးရှာမွေလရှဲန်က ကျိုင်းတုံမြို့နယ်တို့မှာ တနေရာစီ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ ၂ နေရာကိုတော့ ရခိုင်အမျိုးသားပါတီက ဒေါက်တာ အေးမောင်က ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တနေရာနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)က ဦးသဲရယ်က ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ တနေရာ အသီးသီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျင်းပ ပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ရှိသူ ၂ သန်းကျော် ရှိပေမယ့် ဆန္ဒမဲပေးသူ အရေအတွက် နည်းခဲ့ပြီး တချို့မဲဆန္ဒနယ်တွေမှာ မဲပေးသူ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီရွေးကောက်ပွဲတွေမှာ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ကော်မရှင်က ပြောဆိုခဲ့ပေမယ့် ပါတီ အချင်းချင်း တိုင်ကြားမှု တချို့တော့ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ