ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဘာ အားနည်းခဲ့လဲ

  • 2 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption NLD က ၉ နေရာမှာ အနိုင်ရပါတယ်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ သူပြိုင်တဲ့ နေရာစုစုပေါင်းရဲ့ တစ်ဝက် အနိုင်ရပါတယ်။

တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် စုစုပေါင်း ၁၉ နေရာမှာ NLD ဟာ ၁၈ နေရာမှာ ဝင်ပြိုင်ခဲ့ပြီး ၉ နေရာမှာ အနိုင်ရပါတယ်။

ဒီလို တစ်ဝက်ပဲ အနိုင်ရတာက သူတို့မျှော်မှန်းသလောက် အနိုင်မရခဲ့ဘူးဆိုတာ ပြသတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ပြောပါတယ်။

အဓိကအားဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေမှာ ဒေသခံတွေက တိုင်းရင်းသားပါတီတွေကို ပိုပြီး ထောက်ခံလာတဲ့အတွက် NLD က အများစု အနိုင်မရတာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

တိုင်းဒေသကြီးတွေနဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်တဲ့ ရှမ်း၊ ရခိုင်၊ ကယားတို့မှာ NLD က တိုင်းရင်းသားပါတီတွေကို မယှဉ်နိုင်ခဲ့ပါဘူး။ ရှမ်းပြည်နယ်တွင်းက ၈ နေရာမှာ NLD က တစ်နေရာပဲ အနိုင်ရပါတယ်။

၂၀၁၅ တုန်းကတော့ လူထုက အပြောင်းအလဲလိုချင်တဲ့အတွက် NLD ကို ပုံအောပြီး မဲပေးခဲ့ကြောင်း၊ ဒါပေမယ့် မွန်ပြည်နယ်အတွင်းက တံတားကိစ္စ နာမည်ပေးရေးမှာလို ဒေသခံတိုင်းရင်းသားတွေနဲ့ ဆွေးနွေး တိုင်ပင်တာမျိုးမရှိတာက NLD အစိုးရ၊ ပါတီ နဲ့ လွှတ်တော်အပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်အားကိုးမှု လျှော့နည်းလာစေပြီး အဲဒီလို ကိစ္စတွေက တိုင်းရင်းသားတွေအပေါ် သတိထားစရာ အချက်ဖြစ်လာစေခဲ့ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

အခုလို NLD ပါတီမဟုတ်တဲ့ တခြားပါတီကိုယ်စားလှယ်တွေက အခုရွေးကောက်ပွဲမှာ တစ်ဝက်ကျော် အနိုင်ရတာက လွှတ်တော်အသီးသီးရဲ့ အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် တိုင်းရင်းသားတွေရဲ့ အသံကတော့ အရင်ကထက် ပိုမို ကျယ်ကျယ်လောင်လောင် ကြားလာရနိုင်ကြောင်း သူက ပြောပါတယ်။

အခုရွေးကောက်ပွဲမှာ အတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နဲ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွေမှာ ၂ နေရာ အနိုင်ရခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ