သီတင်း ၃ပါတ် ကြာလာပြီ ဖြစ်ပေမယ့် KNU ကွန်ဂရက်ညီလာခံ အပြီးမသတ်နိုင်သေး

  • 2 ဧပြီ 2017
Image caption KNU ကွန်ဂရက် ညီလာခံကို သင်္ကြန်မတိုင်ခင် အပြီးသတ်နိုင်ဖို့ ကြိုးစားနေ

မတ်လ ၁၄ရက်နေ့ကတည်းက စတင် ကျင်းပခဲ့တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ညီလာခံဟာ သီတင်း ၃ ပါတ်ကျော် ကြာမြင့်နေပြီး ဖြစ်ပေမယ့် အပြီးမသတ်နိုင်သေးပဲ ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ သော်လည်းကောင်း၊ အခြေခံ လမ်းစဉ်နဲ့ ပတ်သက်လို့ သော်လည်းကောင်း နိုင်ငံရေး အစီရင်ခံစာ၊ ဝေါဟာရ ဝိဝါဒ ကွဲလွဲနေတဲ့ အသုံးအနှုန်းတွေကြောင့် ညီလာခံ အခုလို ကြန့်ကြာနေတာ ဖြစ်တယ်လို့ KNU ကွန်ဂရက် ကျင်းပရေး ကော်မီတီ ဥက္ကဋ္ဌ ဗဒို စောသောသီဘွဲက ဘီဘီစီကို ပြောပါတယ်။

ဒီညီလာခံကနေ KNU ရဲ့ ဗဟို ကော်မီတီနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အသစ်ကို ရွေးချယ် တင်မြှောက်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်အတွင်းမှာ ရထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ KNU အနေနဲ့ တွေ့ဆုံဆွေးနွေးရေးမူကို နဂိုကတည်းက ကိုင်စွဲထားသလို ရှေ့ဆက်လည်း ကိုင်စွဲသွားမှာ ဖြစ်ပြီး မူဝါဒ အကြီးအကျယ် ကွဲလွဲဖို့ မရှိကြောင်း၊ ဒါပေမယ့်လည်း ဒီကွန်ဂရက်ကနေ တက်လာမယ့် ခေါင်းဆောင် အသစ်တွေက ဘယ်လိုနည်းနာနဲ့ သွားမလဲဆိုတဲ့ အခြေခံပေါ်မှာ မူတည်တယ်လို့ သူက ပြောပါတယ်။

၂၁ရာစု ပင်လုံညီလာခံ မတိုင်ခင် အရေးကြီးတဲ့အချိန်မှာ KNU ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို မြန်မာနိုင်ငံအတွင်းမှာ စိတ်၀င်စားနေကြသလို အိမ်နီးချင်း နိုင်ငံတွေကလည်း စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က လက်မှတ်ထိုးပြီးတဲ့ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက နောက်ထပ် လက်နက်ကိုင် ၅ ဖွဲ့က လက်မှတ်ထိုးမယ် ဆိုတဲ့ သတင်းက ကောင်းတဲ့ လက္ခဏာ ဖြစ်သော်ငြားလည်း အစိုးရက ဘယ်လို ကိုင်တွယ် အကောင်အထည် ဖေါ်မလဲ ဆိုတာကိုတော့ KNU အနေနဲ့ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ KNU ကွန်ဂရက် ကျင်းပရေး ကော်မီတီ ဥက္ကဋ္ဌ ဗဒို စောသောသီဘွဲက ပြောပါတယ်။

လက်ရှိ NCAကို လက်မှတ် ထိုးထားတဲ့ KNU ရဲ့ KNLA စစ်ဌာနချုပ်မှာတော့ KNU တပ်ဖွဲ့ဝင် တချို့ ဘော်လီဘော ကစားသူ ကစားပြီး တချို့ ဘောလုံးကန်သူ ကန်နဲ့ ပျော်ရွှင်နေကြတာ တွေ့ရတယ်လို့ ကရင့်အမျိုးသား တပ်မတော် ဌာနချုပ်ကနေ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ