မကွေး ကာရာအိုကေ မီး သေဆုံးသူ ၁၆ ဦးရှိ

  • 3 ဧပြီ 2017
Image caption ဆုံးရှုံးမှု တန်ဖိုးက သိန်း ၆၀ နီးပါး ခန့်မှန်း တွက်ချက် ထားပါတယ်

ဧပြီလ ၂ ရက် တနင်္ဂနွေ ညက မကွေးမြို့က ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ အဆင့်မြင့် အအေးခန်း စားသောက်ဆိုင် မီးလောင်မှုမှာ သေဆုံးသူ ၁၆ ဦး ရှိ သွားပြီ ဖြစ်ပါတယ်။

ယောက်ျားလေး ၁၁ ဦးနဲ့ မိန်းကလေး ၅ ဦး သေဆုံး ခဲ့တာ ဖြစ်ပြီး၊ ၆ ဦးရဲ့ အလောင်း ကိုပဲ ပိုင်ရှင် ဖေါ်နိုင်ကာ ကျန် ၁၀ ဦးကတော့ မည်သူ မည်ဝါ ဖြစ်တယ် ဆိုတာ မသိ ရသေး ပါ။

တချို့ အလောင်းတွေဟာ မီးလောင်သွား တာကြောင့် ဘယ်သူ ဆိုတာ သိရဖို့ ခက်နေတာ ဖြစ်ပါတယ်။

သေဆုံးသူ တွေဟာ အထဲမှာ အသံ မကြား ရပဲ၊ သိတဲ့ အချိန်မှာ မီးတွေနဲ့ ပိတ်မိပြီး ထွက်မရပဲ သေဆုံး ခဲ့ရတဲ့ ပုံမျိုး ရှိနိုင် ကြောင်း မကွေးတိုင်း အလုပ်သမား၊ စက်မှုနဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီး ဌာန ဝန်ကြီး ဦးနေမျိုးကျော် က ပြောပါ တယ်။

စားသောက်ဆိုင် ပိုင်ရှင် ဦးရဲညွန့် ကိုတော့ မကွေးမြို့မ ရဲစခန်းမှာ ပြစ်မှု ၁၉၁/၂၀၁၇ ပုဒ်မ ၂၈၅ ၊ ၃၀၄(က) နဲ့ အရေးယူ ထားပြီး ထိန်းသိမ်း စစ်ဆေး နေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီဆိုင်ဟာ ဗီဒီယို ကာရာအိုကေ လိုင်စင်ရှိတဲ့ ဆိုင်ဖြစ် ပြီး ဆုံးရှုံးမှု တန်ဖိုးက သိန်း ၆၀ နီးပါး ခန့်မှန်း တွက်ချက် ထားပါ တယ်။