မကွေးတိုင်း အစိုးရဟောင်း ရန်ပုံငွေ အလွဲသုံးမှု ခန့်မှန်းတာထက်ပိုများ

  • 3 ဧပြီ 2017
ဓာတ်ပုံ မူပိုင် မကွေးရေနံမြေ
Image caption ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီက ကောက်ခံ ထားတဲ့ ရန်ပုံငွေ ကျပ်သိန်း ၇ ထောင်ကျော် ရှိကြောင်းတွေ့ရ

မကွေးတိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့ ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေ ဆီက ကောက်ခံ ထားတဲ့ ကျပ်ငွေ ၂ ဒဿမ ၈ ဘီလျံ ကို ဘယ်မှာ ဘယ်လို သုံးစွဲ ခဲ့တယ်ဆိုတာ ပြီးခဲတဲ့နှစ် မေလက လွှတ်တော်မှာ စတင် မေးခွန်း ထုတ်ခဲ့ပြီးနောက် ပြည်ထောင်စု အဆင့် စစ်ဆေး မေးမြန်းမှုတွေ အရ ကောက်ခံရရှိငွေ ပမာဏ က သုံဆ နီးပါး ပိုများ နေတယ်လို့ သိရပါတယ်။

၂၀၁၇ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ စုံစမ်း တွေ့ရှိချက် အရ ကောက်ခံရရှိငွေဟာ ၇.၄၅၉ ဘီလျံကျော် ရှိခဲ့တယ်လို့ သိရကြောင်း ပြည်သူ့ လွှတ်တော်မှာ အဲဒီ မေးခွန်းကို တင်ပြ မေးမြန်း ခဲ့တဲ့ ပွင့်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

ရွှေသုခ အသေးစား ငွေချေး လုပ်ငန်းမှာ ကျပ်ငွေ ၁.၅၇၅ ဘီလျံ လှူဒါန်း တဲ့ အပြင် ဒေသ ဖွံ့ဖြိုးရေး အတွက် ၄.၁၈၀ ဘီလျံ သုံးစွဲပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းအတွက် ၁.၇ ဘီလျံ ကျော် သုံးစွဲ ထားတယ်လို့ လွှတ်တော်မှာ အစိုးရ ဝန်ကြီးက ဖြေကြား ခဲ့ကြောင်း သူက ပြောပါတယ်။

ငွေကြေး ကောက်ခံခဲ့ တုန်းက ဒေသ ဖွံ့ဖြိုးရေး အတွက် ကောက်ခံခဲ့တာ ဖြစ်ပြီး ကြံ့ခိုင်ရေး အသင်းနဲ့ အသေးစား ချေးငွေ လုပ်ငန်းတို့ အတွက် ကောက်ခံ ခဲ့တာ မဟုတ်ဘူးလို့ ဦးထွန်းထွန်းက ပြောပါတယ်။

ဒေသ ဖွံ့ဖြိုးရေးအတွက် ၄.၁၈၀ ဘီလျံ သုံးစွဲ ခဲ့တယ်ဆိုပေမဲ့ မကွေးတိုင်း အတွင်းမှာ သိသာတဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ချက်တွေ မတွေ့ရဘူးလို့ လည်း သူက ပြောပါတယ်။

အရင်အစိုးရ လက်ထက်က ဆောင်ရွက်ချက်တွေ ပွင့်လင်း မြင်သာမှု မရှိလို့ အခုလို လွှတ်တော်မှာ တင်ပြ မေးမြန်း ခဲ့ရတာဖြစ်ပြီး လက်ရှိ အစိုးရ ကတော့ ပြီးခဲ့တဲ့ အစိုးရ ရေးဆွဲသွားတဲ့ ဘတ်ဂျက်ကို စနစ်တကျ စိစစ် ခွဲဝေ သုံးစွဲ နေတယ်လို့ ဆိုပါတယ်။