ကယားပြည်နယ် NLD ဥက္ကဋ္ဌနဲ့ ဖရူးဆိုးမြို့နယ် NLD ဥက္ကဋ္ဌတွေကို တာဝန်ရပ်ဆိုင်း

  • 4 ဧပြီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကိုယ်ရေး အချက်အလက် အချိန်မီ မတင်သွင်းတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ် NLD ကိုယ်စားလှယ်လောင်း ဝင်ပြိုင်ခွင့်မရခဲ့

ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအတွက် ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း လျှောက်လွှာ အချိန်မီ တင်ဖို့ ပျက်ကွက်တဲ့အတွက် NLD ကယားပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌနဲ့ ဖရူးဆိုမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌတွေကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါတယ်။

ကယားပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူနဲ့ ဖရူးဆိုမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဌ ဦးပဲ့ဒူ တို့ကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ပါတီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဖရူးဆိုမြို့နယ်က NLD ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်သွင်းတဲ့ ဦးလွီးဇီဟာ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်ရေးအချက် တင်သွင်းရာမှာ နောက်ကျတဲ့အတွက် ဝင်အရွေးမခံ ခဲ့ရပါဘူး။

ဦးပဲ့ဒူကတော့ သူဟာ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ အစည်းအဝေး တက်နေပြီး ဘယ်ရက် နောက်ဆုံး ပို့ရမယ်ဆိုတာကို မသိလိုက်ကြောင်း၊ အဲဒီလို မသိလိုက်တာဟာ သူ့ရဲ့ အားနည်းချက် ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ပါတီ အဖွဲ့အစည်းတခုရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ အခုလို အရေးယူတာကို သူ့အနေနဲ့ လက်ခံကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို ကိုယ်စားလှယ်လောင်း ဝင်အရွေးမခံခဲ့ရတာဟာ ပါတီအတွက် အလွန် နစ်နာတယ်လို့ ဆိုပါတယ်။

တကယ်တော့ အဓိကက ကာယကံရှင် ကိုယ်စားလှယ်လောင်း ရဲ့ လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ ဦးပဲ့ဒူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ