ရခိုင်က ဒုက္ခသည် စခန်း ၃ ခု ရက်ပိုင်း အတွင်း ပိတ်မယ်

  • 4 ဧပြီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သက်ကယ်ပြင် ဒုက္ခသည် စခန်းပြ မြေပုံ

ကျောက်ဖြူ စစ်တွေနဲ့ ရမ်းဗြဲ မှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုစီကို ရက်ပိုင်း အတွင်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လည် နေရာ ချထားဖို့ အစိုးရက ဆောင်ရွက်နေပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးကတည်းက အခုချိန်ထိ အဲဒီလူတွေ ဒုက္ခသည် စခန်းတွေမှာ နေခဲ့ကြရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်ကို စတင် အကောင် အထည် ဖော်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ကျောက်ဖြူ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေက ရခိုင်တိုင်းရင်းသားတွေ ဖြစ်ပြီး ရမ်းဗြဲ ဒုက္ခသည် စခန်းမှာ အိမ်ထောင်စု ၄၀ ကျော်ရှိတဲ့ ကမန် လူမျိုးတွေ နေထိုင်ကြတာပါ။

စစ်တွေ ကြိမ်နီပြင် ဒုက္ခသည် စခန်းမှာတော့ ရိုဟင်ဂျာ မွတ်ဆလင် အများစု နေထိုင်ကြ ပါတယ်။

ရခိုင် တိုင်းရင်းသားတွေ အတွက် ပြန်လည် နေရာချထားမယ့် နေရာမှာ ရေနဲ့မီး ရဖို့ လုပ်ဆောင် နေပြီး ကမန် လူမျိုးတွေ ကတော့ သူတို့ မူလနေခဲ့တဲ့ နေရာမှာပဲ ပြန်လည် နေထိုင်ချင်တယ်လို့ ပြောကြ ပါတယ်။

ရမ်းဗြဲမြို့က ရပ်ကွက်တွေမှာ မီးရှို့ တိုက်ခိုက်ခံခဲ့ရတဲ့ ကမန် လူမျိုးတွေရဲ့ အိုးအိမ် တိုက်တာ တွေ ရှိရာ မူလ နေရာတွေမှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးမယ်လို့ အာဏာပိုင်တွေက သဘောတူ ထားပြီး ဖြစ်ကြောင်း ကမန် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

စစ်တွေမြို့ ကြိမ်နီပြင် ဒုက္ခသည် စခန်းတွေက လူတွေအတွက် မူလနေရာနဲ့ တဖက်ကမ်းမှာ နေရာချ ထားဖို့ အစိုးရက စီစဉ်ထားပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။