ရှမ်းပြည်နယ်မှာ ဒီချုပ် ဘာကြောင့် ရှုံးသလဲ

  • 4 ဧပြီ 2017
Image caption ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

ရှမ်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၈ နေရာရှိတဲ့အနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁ နေရာပဲ အနိုင်ရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့အရှုံးကို ဘယ်လို သုံးသပ်ထားပါသလဲ။

ရှမ်းပြည်နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပြည်နယ် အလုပ်အမှုဆောင် ဒေါ်စန်းစန်းမော်ကို မေးကြည့်ရာမှာ ရှမ်းလူမျိုးတွေက သူတို့ပြည်နယ်မှာ သူတို့ကိုယ်တိုင် အုပ်ချုပ်ချင်တယ်ဆိုတဲ့ အယူအဆနဲ့ ရှမ်းလူမျိုးကိုပဲ မဲပေးခဲ့ကြလို့ ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် တိုင်းရင်းသား တစုတည်း အတွက် မဟုတ်လို့ ရှမ်းလူမျိုးကို ကိုယ်စားမပြုဘူးလို့ မြင်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲအရနည်းခဲ့တာဖြစ်နိုင်တယ်လို့ ဒေါ်စန်းစန်းမော်က သုံးသပ်ပါတယ်။

၂၀၁၅ ခုရွေးကောက်ပွဲတုန်းကတော့ တိုင်းရင်းသားတော်တော်များများက ဒီချုပ်ကို မဲပေးခဲ့ကြပါတယ်။ အဲဒီတုန်းက မဲပေးခဲ့ကြတာကတော့ ဒီချုပ်က အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်မယ်လို့ ယူဆလို့ ပေးခဲ့ကြတာဖြစ်မယ်လို့လည်း ဒေါ်စန်းစန်းမော်က ပြောပါတယ်။

ဒါဆိုရင် ဒီချုပ်က အပြောင်းအလဲကို ဆောင်ကြဉ်းနိုင်မယ်လို့ တိုင်းရင်းသားတွေက ယုံကြည်ထားချက်ဟာ အခုပျက်ပြယ်သွားလို့ ဒီချုပ်ကို မဲမထည့်ကြတာလားလို့ မေးရာမှာတော့ ရှမ်းပြည်နယ်ဟာ အရင်ကလည်း ကြံ့ခိုင်ရေးပါတီက နေရာတော်တော်များများ အနိုင်ရခဲ့ဖူးတဲ့ နယ်မြေဖြစ်တယ်လို့ ဒေါ်စန်းစန်းမော်က ပြောပါတယ်။

ရှမ်းပြည်နယ်မှာ အခုလို နေရာတော်တော်များများ ရှုံးနိမ့်ခဲ့တဲ့ အခြေအနေမျိုးဟာ ၂၀၂၀ ရွေးကောက်ပွဲရောက်ရင် တိုင်းရင်းသားနေရာတော်တော်များများမှာ ကြုံတွေ့လာနိုင်ဖွယ်ရှိတဲ့ ရှေ့ပြေးအလားအလာလားလို့ မေးရာမှာတော့ သူ့အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေရဲ့ အခြေအနေဟာ ရှမ်းပြည်နယ်အခြေအနေနဲ့ မတူနိုင်ဘူးလို့ ယူဆကြောင်း ဒေါ်စန်းစန်းမော်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ