သတင်းသမား ဦးဆွေဝင်း ထောက်ပြမှု အသရေ ဖျက်ရာမကျ

  • 5 ဧပြီ 2017

စွဲဆို ခံထားရတဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ ပတ်သက်လို့ မေးမြန်းခံခဲ့ရ

ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption တိုင်တန်းမှုတွေ အတွက် မေးမြန်းခံခဲ့ရ

ဦးဝီရသူနဲ့ပတ်သက်လို့ မြန်မာနောင်း သတင်း အေဂျင်စီ အယ်ဒီတာချုပ် ဦးဆွေဝင်းရဲ့ မှတ်ချက် စကားတွေဟာ သာသနာ တစ်ရပ်ရပ် အပေါ် စိတ်နာကြည်း စေဖို့ မသမာတဲ့ နည်းနဲ့ကျူးလွန်ရာ မရောက်ကြောင်း သာသနာရေး ဝန်ကြီးဌာနက မှတ်ချက်ပြု ပြန်ကြားလိုက်ပါတယ်။

သာမန် ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ် တစ်ဦးတောင် စောင့်စည်း အပ်တဲ့ ဝစီ ဒုစရိုက် လေး ပါးကို ရဟန်းတော် တစ်ပါး အနေနဲ့ ကျူးလွန်ခဲ့လို့ တရားဟောခွင့် ပိတ်ပင် ခံထားရတဲ့ မစိုးရိမ် ဆရာတော် ဦးဝီရသူရဲ့ ဟောပြောမှုတွေကို သတင်းသမား အနေနဲ့ ဦးဆွေဝင်းက ဝေဖန် ထောက်ပြတာဟာ အသရေဖျက်ရာ မကျဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနရဲ့ ပြန်ကြားချက်မှာ ဖော်ပြပါတယ်။

ဆရာတော် ဦးဝီရသူကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ရေးသားမှုတွေ လုပ်ခဲ့တယ် ဆိုပြီး ကိုဆွေဝင်းကို ပုဒ်မ ၆၆ ဃနဲ့ အရေးယူ ပေးဖို့ ဦးဝိရသူရဲ့ တပည့် ဦးကျော်မျိုးရွှေက မန္တလေးမှာ အမှုဖွင့် ထားသလို ရန်ကုန်မှာလည်း သာသနာညှိုးနွမ်းစေမှု စွဲချက်နဲ့ အမှုဖွင့် တိုင်ကြား ခံခဲ့ရ ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဦးဆွေဝင်းက သာသနာရေး ဝန်ကြီးဌာနကို ဥပဒေနဲ့ အညီ ကြားဝင် ဆောင်ရွက်ပေးဖို့ သဘောထား မှတ်ချက် တောင်းခံခဲ့ရာမှာ သာသနာရေး ဝန်ကြီးဌာနက ဧပြီလ ၅ ရက်နေ့က အကြောင်းပြန် ခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ဌာနတွေကို ဖြေရှင်း တင်ပြဖို့ လိုအပ်ရင် အခု ထုတ်ပြန်ချက်ကို အထောက်အထား အနေနဲ့ သုံးနိုင်တယ်လို့လည်း သာသနာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောထားပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်း ဝန် ဦးဇာနည်မင်းကတော့ သူတို့ ဝန်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက ခံစားချက်တွေကို ဘေးဖယ်ပြီး လူသားချင်း စာနာ ထောက်ထားမှု ရှုထောင့်ကနေ ကြည့်တာ ဖြစ်ကြောင်း ပြောပါတယ်။

ကိုဆွေဝင်း ဆက်လက် တရားစွဲ ခံရရင်လည်း သာသနာရေးဝန်ကြီးဌာနက မှန်ကန်တဲ့ဘက်က ရပ်တည်သွားမယ်လို့ ဦးဇာနည်မင်းက ပြောပါတယ်။