ဒေါ်အောင်ဆန်းစုကြည် မြန်မာလို ဖြေကြားမှု အပြည့်အစုံ

  • 6 ဧပြီ 2017
Image caption နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် မလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီ သတင်းထောက် Fergal Keane က နေပြည်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်အတွက်လည်း ဖြေကြားပေးခဲ့ပါတယ်။

ဘီဘီစီ ။ ။၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို တိုင်းရင်းသားတွေက တခဲနက် အားပေး ထောက်ခံခဲ့တဲ့အတွက် တိုင်းရင်းသား နယ်မြေတွေဘက် မှာ အနိုင်ရခဲ့ပါတယ်။ အခု ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ NLD ပါတီဟာ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေမှာ ရှုံးနိမ့်ခဲ့တဲ့ အပေါ် ဘယ်လို သုံးသပ်ပါလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။၂၀၁၅ နဲ့တုန်းကနဲ့ တော့ ဘာမှ သိပ်မထူးပါဘူး။ ရှုံးတဲ့ နေရာတွေမှာ အားလုံး ရှုံးတယ်၊ နိုင်တဲ့ နေရာတွေမှာ အားလုံး နိုင်တယ်။ ချောင်းဆုံက လွဲလို့၊ ချောင်းဆုံ ကလည်း ၂၀၁၅ တုန်းက ကပ်ပြီး နိုင်တာပါ။ အဲတော့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အရင်အတိုင်းပဲ လို့ ပြောလို့ ရပါတယ်။

ဘီဘီစီ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကို တပ်မတော်နဲ့ ဆက်ဆံရေး အပိုင်းမှာ ပေျာ့ပျောင်းလွန်းတယ်၊ ပြေလည်အောင် ကြိုးစားလွန်းတယ် လို့ ဝေဖန်မှုတွေ ရှိနေကြတာကို ဘယ်လို တုံ့ပြန်လိုပါလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။အရင်တုန်းက ဆိုလို့ရှိရင် ကျွန်မတို့ကို ဝေဖန်ခဲ့ပါတယ်။ တပ်နဲ့ ပတ်သက်ပြီး သိပ်ပြီး တင်းမာတယ်ပေါ့။ ကျွန်မ တို့ကနေပြီးတော့ ပိုပြီး ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံလို့ ရှိရင် ပြဿနာတွေဟာ ပိုပြီး ပြေလည်နိုင်တယ်လို့ ပြောတယ်။ အဲဒီလူတွေကပဲ အခုကျတော့ တပ်နဲ့ ပြေလည်အောင် ကြိုးစားလွန်းပါတယ် လို့ ပြောတယ်။ အဲဒီလို ဆိုလို့ ရှိရင်လည်း ကျွန်မတို့က မဇ္စျိမ ပဋိပဌာ အလယ် အလတ်လမ်း ကနေပဲ သွားနေတယ်လို့ ယူဆရမှာပေါ့။

ဘီဘီစီ ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်တဲ့ မငြိမ်သက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဖက်က အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ စေလွှတ် ဖို့ တောင်းခံတာကို ဘာဖြစ်လို့ ခွင့်မပြုတာပါလဲ။ တခါ နိုင်ငံတကာ အေဂျင်စီတွေကို ဝင်ခွင့် မပြုတာကရော ဘာကြောင့်ပါလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ က ဒေါက်တာ ကိုဖီ အာနန် ဦးဆောင်နေတဲ့ ကော်မရှင်လည်းရှိတယ်။ ဒါ ကျွန်မတို့က ဖိတ်ခေါ်ထားတာ၊ ယုံကြည်လို့ ။ ဒေါက်တာ ကိုဖီအာနန် ဆိုတာ နိုင်ငံတကာ အဆင့်နဲ့ ကိုက်ညီအောင် ဒီလို ကော်မရှင်မျိုးကို ဦးဆောင်ပြီးတော့ လုပ်နိုင်တယ် ဆိုတာကို ယုံကြည် လို့ ဖိတ်ခေါ်ထားတာ။ ဒေါက်တာ ကိုဖီ အာနန်ရဲ့ လုပ်ငန်းလည်း မပြီးသေးဘူး။ နောက်ပြီး ကျွန်မတို့ ဒုသမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မရှင် လုပ်ငန်းကလည်း မပြီးသေးဘူး။ နောက် ကျွန်မတို့ကနေ ပြီးတော့ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက် ဟာ ကျွန်မတို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ မကိုက်ညီဘူးလို့ ထင်လို့ လက်မခံတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ