မြန်မာဂိမ်းကုမ္ပဏီကို ပြည်ပက ပထမဆုံး ဝယ်ယူ

  • 6 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MyPlay
Image caption MyPlay ထုတ်ခဲ့တဲ့ ဂိမ်းတစ်ခု

မြန်မာနိုင်ငံက မိုဘိုင်းဂိမ်း ကုမ္ပဏီ MyPlay ကို သြစတြေးလျ နိုင်ငံ အခြေစိုက် iSentric ကုမ္ပဏီက ကျပ်ငွေ သန်း ခြောက်ထောင်နဲ့ ဝယ်ယူလိုက်ပါတယ်။

ဒါဟာ မြန်မာ ဂိမ်း ကုမ္ပဏီကို ပြည်ပက ပထမဆုံး အကြိမ် ငွေအမြောက်အမြား နဲ့ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

MyPlay ဂိမ်းဟာ မြန်မာ နိုင်ငံမှာ ကစားသူပေါင်း တစ်သန်းလောက်ရှိပြီး လူအတော်များများ သိကြတဲ့ အမြတ်ငွေ ရနေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တယ်လို့ MyPlay ကုမ္ပဏီ အကြီး အကဲနဲ့ နည်းပညာ ဆိုင်ရာ အရာရှိ ဦးမြင့်ကျော်သူက ပြော ပါတယ်။

iSentric ကုမ္ပဏီက မြန်မာ နိုင်ငံနဲ့ အရှေ့တောင် အာရှမှာ စျေးကွက် ချဲ့ထွင် လိုတဲ့ အတွက် အခုလို ဝယ်ယူတာ ဖြစ်သလို ပြည်ပ နိုင်ငံက ဝယ်ယူ လိုက်တဲ့ အတွက် MyPlay အနေနဲ့ လည်း ငွေကြေးနဲ့ နည်းပညာ အထောက်အကူတွေ ပိုရလာနိုင်ပြီး စျေးကွက် ပိုကျယ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

MyPlay ကုမ္ပဏီ တစ်ခုလုံးကို iSentric ကုမ္ပဏီက ဝယ်ယူရာမှာ လက်ရှိ ချုပ်ဆို ထားတဲ့ စာချုပ်ပါ စည်းကမ်းတွေ အရ MyPlay အနေနဲ့ သုံးနှစ် အတွင်း သူတို့နဲ့ ယှဉ်ပြိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင်လို့ မရသလို ငွေကြေး ထည့်ဝင် လို့လည်း မရဘူးလို့ ဦးမြင့်ကျော်သူက ပြော ပါတယ်။

MyPlay ကုမ္ပဏီက ရှမ်းကိုးမီး ကမ္ဘာ နဲ့ အိုးဘုတ် ပုံပြင် ဆိုတဲ့ ဂိမ်း နှစ်ခု ထုတ်ထားခဲ့ပြီး ဖြစ်ပြီး Rage of Rama ဆိုတဲ့ ဂိမ်းကိုတော့ သင်္ကြန်ပြီးရင် ထုတ်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။