ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက် ဖာဂယ်လ်ကီးန်က မေးမြန်းထားပါတယ်

  • 6 ဧပြီ 2017
Image caption ဧပြီလ ၅ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီက မေးမြန်းထားပါတယ်။

မေး - အပြောင်းအလဲနဲ့ပတ်သက်ပြီး ပြောရရင် သာမန်ပြည်သူတွေရဲ့ ဘဝမှာပေါ့။ ဥပမာ တောင်အာဖရိကမှာ ဆိုရင် တော်လှန်ရေးသမားတွေ အာဏာရလာပြီးနောက်မှာ လူထုဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ အကြီးအကျယ် စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတယ်။ အခု မြန်မာပြည်မှာကော သာမန်လူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်လာဖို့ ဘာတွေ စွမ်းဆောင်ပေးနိုင်ပါပြီလဲ။

ဖြေ - လက်တွေ့ကျကျ ပြောရရင် လမ်းတွေ ဆောက်ပါတယ်။ ဒါဘာမှ မဟုတ်ဘူးလို့ ရှင်ကတော့ ထင်ကောင်းထင်မယ်၊ ဘာလို့လဲဆို ရှင်က ရှင့်အဘိုးလက်ထက်ကတည်းက လမ်းတွေရှိနေပြီးဖြစ်တဲ့ တိုင်းပြည်ကနေ လာခဲ့သူမို့လို့ပါ။ ဒါပေမယ့် ကျွန်မတို့ တိုင်းပြည်မှာတော့ ဒါက အဓိပ္ပာယ် အများကြီး ရှိပါတယ်။ မနှစ်ကဆိုရင် ကျွန်မတို့ရဲ့ ထိပ်တန်းဦးစားပေးအလုပ်က အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ပါ။ အခု တစ်နှစ်ကြာပြီးနောက်မှာ ကျွန်မတို့ ဘာတွေ့ရသလဲဆိုတော့ ရာသီတိုင်း အသုံးပြုနိုင်တဲ့ လမ်းတွေဖောက်ပေးရင်၊ လျှပ်စစ်မီး ပေးနိုင်ရင် လူတွေဟာ သူတို့ ဘာသာ အလုပ်အကိုင်တွေ ဖန်တီးကြတာပါပဲ။ ဒါဟာ ကျွန်မတို့ လုပ်နိုင်ခဲ့တဲ့ အရင်ကနဲ့ သိသိသာသာ ကွဲပြားတဲ့ ကွာခြားချက် တစ်ခုပါပဲ။

ဒါ့အပြင် ကျွန်မတို့ အရင်ကထက် ပိုကောင်းအောင်လုပ်နိုင်နေတာ တစ်ခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ရှေ့ဆက်သွားနိုင်ဖို့ ဆောင်ရွက်နေခြင်းပါ။ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ပြီလို့တော့ ကျွန်မတို့ ဘယ်နည်းနဲ့မှ မပြောနိုင်သေးပါဘူး။ အခု အနေအထားမှာ ငြိမ်းချမ်းရေး အလုံးစုံ အောင်မြင်ပြီလို့လည်း မဆိုနိုင်ပါဘူး။ ဒါပေမယ့် အောင်မြင်မှုတွေတော့ ရနေပါပြီ။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူထု ပါဝင်ပတ်သက်ခွင့် ရတာက အောင်မြင်မှု တစ်ခုပါ။

မေး - ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁ နှစ် အတွင်းမှာ ဒါဟာ အောင်မြင်မှု တစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူစွာ ပြောတယ်။ ဒါပေမယ့် အခုအချိန်အထိ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပြင်းထန်ဆုံး တိုက်ပွဲတွေ ရှိနေတုန်းပဲ မဟုတ်လား။

ဖြေ - ဖာဂယ်လ်ရယ်၊ ဒါကတော့ စစ်တွေတိုက်နေကြသေးလို့ ငြိမ်းချမ်းရေး လုပ်ရတာပေါ့။ တိုက်ပွဲတွေ မရှိတော့ရင် ကျွန်မတို့ ငြိမ်းချမ်းရေး လုပ်ဖို့ ဘယ်လိုတော့မလဲ။ တိုက်ပွဲတွေ အလုံးစုံ မရှိတော့ဘူးဆိုရင်၊ အကုန်လုံး မူလအတိုင်း အေးအေးချမ်းချမ်း ရှိနေပြီဆိုရင် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်း ပြီးဆုံးပြီလို့ ဆိုရမှာပေါ့။ အခု ကျွန်မတို့ အဲဒီ အဆင့် မရောက်သေးဘူး ဆိုတာကို ပြောခဲ့ပါတယ်။

မေး - အတိုင်ပင်ခံ အနေနဲ့ တပ်မတော်ကို ထိန်းချုပ်နိုင်မှု မရှိဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း ထိန်းချုပ်နိုင်မှု မရှိဘူး။ ဒါဆိုရင် တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ အရင်တုန်းက သူတို့ လုပ်ခဲ့သလိုပဲ စိတ်ကြိုက် လွတ်လွပ်လပ်လပ်နဲ့ အဓမ္မ ပြုကျင့်တာ၊ လုယက်တာနဲ့ ညှဉ်းပမ်း နှိပ်စက်တာ မျိုးတွေ လုပ်နေနိုင်သလား။

ဖြေ - သူတို့ အဓမ္မပြုကျင့်တာ၊ ပစ္စည်းတွေ အဓမ္မ ခိုးယူတာ၊ နှိပ်စက် ညှဉ်းပမ်းတာတွေ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိပါဘူး။ ဒါမျိုး စိတ်ကြိုက် လုပ်ခွင့် မရှိပါဘူး။ သူတို့ လွတ်လွတ်လပ်လပ်နဲ့ ဝင်ရောက် တိုက်ခိုက်နိုင်ပါတယ်။ ဒါဟာ အခြေခံဥပေဒပြဋ္ဌာန်းချက်ပါ။ စစ်ရေးကိစ္စတွေကို တပ်မတော်ကပဲ စီမံခန့်ခွဲမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။ ဒီကိစ္စက အလွန် စိတ်ကသိကအောက် ဖြစ်စရာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်မတို့က အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေတာလေ။ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုပါ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီထားချက်အရ နောက်ဆုံး အဆင့်တွေထဲက တစ်ခုဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ် အခြေခံဥပဒေတစ်ခု ရေးဆွဲနိုင်ရေးပါ။

မေး - မြန်မာပြည် သမိုင်းကို ပြန်ကြည့်ရင် ဒါဟာ လွတ်လပ်ရေး ရပြီးကတည်းက ကြိုးစားနေတာ မဟုတ်လား။

ဖြေ - ဖာဂဲလ်ရေ၊ ရှင်လည်း တောင်အာဖရိကက လာသူပါ။ ရှင်တို့ အသားအရောင် ခွဲခြားမှု ကို တိုက်ဖျက်နိုင်ခဲ့တယ်မဟုတ်လား။ ရှင်တော့ မဟုတ်ဘူးပေါ့လေ၊ တောင်အာဖရိကသားတွေကို ဆိုလိုတာပါ။

မေး - ဒါဆိုရင် ဒါဟာ လပိုင်းလား နှစ်ပိုင်းအတွင်း ဖြစ်လာဖို့ ပြောတာလား။

ဖြေ - နှစ်အနည်းငယ်ထက် ပိုမကြာဖို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

မေး - နိုင်ငံတကာက အစိုးရိမ်ဆုံး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောဆိုကြဆုံး အကြောင်းအရာ တစ်ခုကို ကျွန်တော် မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း သတင်းခေါင်းကြီးတွေမှာ တွေ့မြင်ရမှာပါ။ ရိုဟင်ဂျာ မွတ်ဆလင် ကိစ္စရပ် အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်ပုံကို နိုင်ငံတကာက ထင်ရှားကျော်ကြားသူတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။

ဖြေ - သူတို့ ဘာကို ဝေဖန်ကြတာလဲ။ အတိအကျ ဆိုပါဦး။

မေး - အတိုင်ပင်ခံအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ရခိုင်ပြည်နယ်တွင်း သွားခွင့်ပေးဖို့ သူတို့ အလိုရှိကြတာမျိုးပါ။

ဖြေ - ဒါက အခုမှ ဖြစ်တဲ့ ကိစ္စပါ။ အရင်လကမှ သူတို့ တောင်းဆိုကြတာပါ။ မနှစ်က တစ်နှစ်လုံး သူတို့ ကျွန်မကို ဘာတွေ ပြစ်တင်ဝေဖန်နေကြတာလဲ။

မေး - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကို စာနာမိသူတွေ အပါအဝင် လူအများအပြားက ရခိုင်ကိစ္စနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် အသံထွက်ပြီး ထုတ်ဖော်မပြောတာလဲ။ လူ့အခွင့်အရေးရဲ့ အမှတ်အသား ပြယုဂ် မဟုတ်ဘူးလားဆိုပြီးပေါ့။

ဖြေ - အသံထွက်ပြောဆိုတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ ဖာဂဲလ်။ အဲဒီ မေးခွန်းက ၂၀၁၃ ခုနှစ် ရခိုင်မှာ နောက်ဆုံး အကြိမ် ပြဿနာတွေ တက် တုန်းကတည်းက မေးနေကြတဲ့ မေးခွန်းပါ။ သူတို့ မေးခွန်းတွေ မေးရင် ကျွန်မ ဖြေပါတယ်၊ ဒါပေမယ့် လူတွေကတော့ ကျွန်မ ဘာမှ မပြောဘူးလို့ ဆိုမှာပါပဲ။

ဘာကြောင့်လဲ ဆိုတော့ ရိုးရိုးရှင်းရှင်း ပြောရရင် လူတွေ ကြားချင်နေတဲ့ စကားအတိုင်း ကျွန်မ လိုက်မပြောလို့ပါ။ လူတွေက ကျွန်မကို လူမျိုးနွယ်အုပ်စု တစ်ခုခုအပေါ် အပြစ်တင်တဲ့ စကားတွေ ပြောစေချင်နေတာပါ။

မေး - ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေ နိုဘယ်လ်ဆုရှင်တွေ ပြောတဲ့ စကားတခွန်းကို ကျွန်တော် ကိုးကားပြောပါမယ်၊ သူတို့ပြောတာက 'ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံသား အခွင့်အရေး တန်းတူ အပြည့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကတော့ ဒါကို စတင်လုပ်ဆောင်တာမျိုး မရှိခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သတ္တိရှိရှိ၊ လူသားဆန်မှု ကရုဏာအပြည့်နဲ့ ဦးဆောင် ဆော်ဩရမယ့် အဓိက တာဝန်ရှိသူ ခေါင်းဆောင်ပါ။'' ဆိုပြီး ပြောကြတယ်။ အခြေခံကျကျပြောရရင် လူသား အခွင့်အရေးနဲ့ဆိုင်တဲ့ စမ်းသပ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျရှုံးခဲ့တယ်လို့ သူတို့ ပြောကြတယ်။

ဖြေ - ဒါကတော့ သူတို့ရဲ့ အမြင်ပေါ့လေ။ ဒါပေမယ့် သူတို့ အချက်အလက်တွေကို စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ အစိုးရတက်လာပြီးကတည်းက နိုင်ငံသား ဖြစ်ထိုက်သူအားလုံးကို စိစစ်ပြီး နိုင်ငံသားကဒ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်တွေ ဆောက်ရွက်ခဲ့ပါတယ်။ ဒါနဲ့ အတူ တည်ငြိမ်အေးချမ်းမှု၊ သဟဇာတ ဖြစ်မှုတွေ ရရှိအောင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်က ပြဿနာတွေ အများအပြားက အရင်းအမြစ်တွေ ရှားပါး ကန့်သတ်မှု ရှိတယ်ဆိုတဲ့ အချက်ပေါ် မူတည်နေပါတယ်။ လူ့အဖွဲ့အစည်း နှစ်ဘက်လုံးက သူတို့ဘဝတွေ ဘယ်လို တိုးတက်ဖွံ့ဖြိုးနိုင်မလဲ ဆိုတာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အဲဒီက ရဲတပ်ဖွဲ့စခန်းတွေ မမျှော်လင့်ဘဲ တိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းအရင်းကို စဉ်းစားလို့ကို မရပါဘူး။ ဘာကြောင့်ဆို အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ၊ ဒုက္ခသည်စခန်းက လူတွေ ပြန်ခေါ်ယူပြီး ပြန်လည်နေရာချထားပေးမှုတွေ စတင်နေပါပြီ။ ဒါပေမယ့် တိုက်ခိုက်မှု ဖြစ်လာခဲ့လို့ ကျွန်မတို့ ရည်ရွယ်ထားသလို ဖြစ်မလာတော့ပါဘူး။ ဒီတိုက်ခိုက်ခံရမှုတွေ ဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ ကျွန်မတို့ မသိပါဘူး။ ဒါပေမယ့် လူအတော်များများက ဒါတွေဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို ဥပေက္ခာပြု ထားချင်ကြတယ်။ ဘာကြောင့်လဲဆိုပြီး ကျွန်မ မေးခွန်းထုတ်ချင်ပါတယ်။

မေး - ကျွန်တော် အဲဒီဒေသကို ကိုယ်တိုင် ရောက်ဖူးပြီး အင်တာဗျူးတွေ လုပ်ဖူးပါတယ်။ ကျွန်တော်ဟာ လူမျိုးစုချင်း မုန်းတီးမှု လား၊ လူမျိုးတုံးရှင်းလင်းမှုလား ဆိုတာတွေကို ရဝမ်ဒါ နဲ့ ဘောလကန် အတွေ့အကြုံ တွေ နောက်ပိုင်းမှာ ခွဲခြားသိနိုင်သူလို့ ဆိုနိုင်ပါမယ်။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာဟာ မကျေနပ်မှုတွေ မြင့်တက်လာလို့ စစ်သွေးကြွတွေရဲ့ လက်ထဲ ဝကွက် အပ်လိုက်သလို ဖြစ်ကောင်း ဖြစ်နိုင်မလား။

ဖြေ - ကျွန်မတို့ နားလည် သုံးသပ်ကြည့်ရသလောက်တော့ အဲဒီအချိန်တုန်းက အခြေအနေတွေက တည်ငြိမ် အေးဆေးနေခဲ့တာပါ၊ လူတွေက နိုင်ငံသားစိစစ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေး စီမံချက်တွေ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို စောင့်ကြည့်နေခဲ့ကြတာပါ။ ကျွန်မစဉ်းစားမိတာက ဒီတိုက်ခိုက်မှုဟာ ဒီလုပ်ငန်းစဉ် ရပ်တန့်သွားအောင် တွက်ချက်ကြံစည်တာများ ဖြစ်နေမလား ဆိုတာပါပဲ။

မေး - ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်းဖြစ်သွားဖို့ဆိုရင် အမြော်အမြင်အရှိဆုံး လုပ်သင့်တာက နိုင်ငံတကာ အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့နဲ့ နိုင်ငံတကာ အဖွဲ့တွေကို အဲဒီဒေသ သွားခွင့်ပြုသင့်တယ်လို့ မဆိုနိုင်ဘူးလား။

ဖြေ - ဒါတွေ မတိုင်ခင်ကတည်းက ကျွန်မတို့ ဒေါက်တာကိုဖီအာနန်နဲ့ သူဦးဆောင်တဲ့ ကော်မရှင်ကို ရခိုင်ပြည်မှာ သွားရောက် စစ်ဆေးကြည့်ရှုခွင့် ပေးခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂ ဒါမှမဟုတ် တခြား အဖွဲ့အစည်းတစ်ခုခုက အချက်အလက်ရှာဖွေရေးအဖွဲ့ ရှိသင့်တယ်လို့ တောင်းဆိုခဲ့ကြလို့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မတို့က ကိုဖီအာနန်ကို ကော်မရှင်ဖွဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရခိုင်ပြည်က ပြဿနာတွေကို သုံးသပ်လေ့လာပြီး ကျွန်မတို့ အတွက် ရေရှည်ခံမယ့် ပြဿနာ ဖြေရှင်းနည်းတွေ ကူညီ အကြံပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ကိုဖီအာနန် အနေနဲ့ ရခိုင်ဒေသကို ပြန်လာပြီး သူအကြံပြုမှုတွေ အဲဒီမှာ ဘယ်လို အကောင်အထည် ဖော်နေသလဲဆိုတာ ပြန်လာကြည့်ဖို့ ကျွန်မတို့ အလိုရှိပါတယ်။

မေး - ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ သောင်းနဲ့ချီတဲ့ လူတွေ ပြန်လာကြပါဆိုပြီး အတိုင်ပင်ခံအနေနဲ့ ခေါ်မလား။ သူတို့ ပြန်လာရင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ပြီလို့ အတိုင်ပင်ခံ ပြောနိုင်မလား။

ဖြေ - သူတို့ ပြန်လာရင် လုံခြုံစိတ်ချ နေထိုင်နိုင်ပါလိမ့်မယ်။ ဒါဟာ သူတို့ဘာသာ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ တချို့က ပြန်လာနေကြပါပြီ။ ဒါ့အပြင် သူတို့ဘာကြောင့် ထွက်ပြေးခဲ့ရသလဲ ဆိုတဲ့ အကြောင်းရင်းကိုလည်း ကျွန်မတို့ ရှာဖွေနေပါတယ်။ ဘာလို့ ထွက်ပြေးခဲ့ရသလဲလို့ သူတို့ကိုမေးတော့ သူတို့ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေသရွေ့ သူတို့ ပြန်မလာချင်ခဲ့ပါဘူး။

မေး - ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို ကြိုဆိုမလား။

ဖြေ - ကျွန်မတို့ ကြိုဆိုမှာပါ။ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ သူတို့ ပြန်လာမှာကို ကြိုဆိုပါတယ်။ သူတို့ ပြန်လည်း လာနေကြပါပြီ။ ပြန်လာပြီးသူတွေကိုလည်း ကြိုဆိုခဲ့ပါတယ်။

မေး - လူ့အခွင့်အရေး ချန်ပီယံ ၊ နိုဘယ်လ်ဆုရှင်အနေနဲ့ ကိုယ့်တိုင်းပြည်တွင်းက လူမျိုးတုံးရှင်းလင်းမှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့သူတစ်ဦးအဖြစ် အမှတ်ရခံနေရမှာမျိုးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိုးရိမ်မိတာမျိုး ရှိဖူးပါသလား။

ဖြေ - မရှိပါဘူး၊ ဘာလို့ဆို လူမျိုးစုတုံးရှင်းလင်းမှုတွေ ဖြစ်ပျက်နေတယ်လို့ ကျွန်မမယူဆပါဘူး။ အခု ဖြစ်ပျက်နေတာတွေကို လူမျိုးတုံးရှင်းလင်းမှုလို့ ခေါ်ဆိုဖို့က ပြင်းထန်လွန်းပါတယ်။

မေး - အဲလိုပုံစံ မြင်ခဲ့ရတယ်လို့ ထင်တဲ့အတွက် ကျွန်တော် ပြောရတာပါ။

ဖြေ - ဖာဂယ်လ်၊ အဲဒီမှာ ရန်လိုမုန်းထားမှုတွေ အများကြီး ဖြစ်နေတယ်လို့ ကျွန်မထင်တယ်၊ ကျွန်မ အခုလေးတင် ထောက်ပြခဲ့သလိုပဲ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း သူလို ယူဆခံရသူဆိုရင် မွတ်ဆလင် အချင်းချင်းလည်း သတ်ဖြတ်နေကြတယ်။ ဒါဟာ လူမျိုးစု မျိုးတုံးရှင်းလင်းမှုနဲ့ မဆိုင်ပါဘူး။ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်း တွေကြားက လူတွေရဲ့ ပြဿနာပါ။ ကျွန်မတို့ ဒီ ကွာဟမှုကိုလည်း နီးစပ်နိုင်အောင် ကြိုးစားနေပါတယ်။ ပိုမို အလှမ်းဝေးကွာမှုတွေ မဖြစ်အောင် ကျွန်မတို့ အကောင်းဆုံး ဆောင်ရွက်နေပါတယ်။

မေး- အနောက်တိုင်းက လူတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်အမြင်လွဲနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စရိုက်လက္ခဏာကို အကဲခတ် နားလည်မှုတွေ လွဲခဲ့တယ်လို့များ ထင်သလား။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာ မဟတ္တမ ဂန္ဒီ လို၊ မာသာထရီဇာ လို မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းတော့ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတဲ့ သံမဏိ စိတ်ဓာတ်နဲ့ မာဂရက်သက်ချာနဲ့ ပို တူသွားသလား။

ဖြေ - ဒါတော့ မဟုတ်ပါဘူး။ ကျွန်မက နိုင်ငံရေးသမားတစ်ဦးပါပဲ။ ကျွန်မက မာဂရက်သက်ချာနဲ့လည်း မတူပါဘူး။ ဒါပေမယ့် တခြားတဖက်မှာလည်း ကျွန်မက မာသာထရီဇာလိုမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း သူတို့နဲ့ တူတယ်လို့ မပြောခဲ့ဖူးပါဘူး။ မဟတ္တမဂန္ဒီကျတော့ အင်မတန်ပါးနပ်လိမ္မာတဲ့ နိုင်ငံရေးသမား တယောက်ပါ။

မေး - မဟတ္တမဂန္ဒီက သူ့နိုင်ငံက လူနည်းစု မွတ်ဆလင်တွေကို ဝမ်းနည်းဖွယ် အသက်ပေးပြီးတောင် ကာကွယ် သွားခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒါမျိုးက လိုက်လံကျင့်ကြံဖို့ နမူနာတစ်ခု မဖြစ်ဘူးလား

ဖြေ - လူ တယောက်ရဲ့ အသက်အန္တရာယ် ရှိနိုင်တာတစ်ခုခုကို ဥပမာကောင်းအနေနဲ့ ကျွန်မ လိုက်လံ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ မဟတ္တမဂန္ဒီရဲ့ မြင့်မားတဲ့ ကျင့်ဝတ်မူဝါဒတွေအတိုင်း နေထိုင်နိုင်ဖို့ အတွက်တော့ ကျွန်မ စဉ်းစားချင်ပါတယ်။

မေး - နောက်ဆုံးမေးခွန်း တစ်ခု မေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်ကို ခုချိန်မှာ သွားပြီး အသိုက်အဝန်း နှစ်ခုစလုံးက လူတွေကို ငြိမ်းချမ်းရေး အတွက် စကားပြောဆိုဖို့ ဘယ် အရာက တားဆီးနေမလဲ။ လက်တွေ့မြေပြင်ကို ကိုယ်တိုင် ကွင်းဆင်း သွားရောက်ဖို့ကို ပြောတာပါ။

ဖြေ - ဘာကြောင်လဲဆိုတော့ ကျွန်မအနေနဲ့ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေကို သူတို့ဘာသာ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသဖို့ အခွင့်အရေးပေးတဲ့ သဘောပါ။ ကျွန်မတို့လူတွေ စွမ်းဆောင်နိုင်တယ်ဆိုတဲ့အပေါ် လုံလောက်တဲ့ ယုံကြည်မှု မပေးကြဘူးလို့ ကျွန်မ ထင်ပါတယ်။

မေး - တပ်မတော် ဒါမှမဟုတ် ထောက်လှမ်းရေး အဖွဲ့ ထဲမှာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆန္ဒမရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးအနားက ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ပစ်မှတ်ထားလာမယ်လို့ ထင်မြင်ယူဆပါသလား။

ဖြေ - ဒါကတော့ ကျွန်မအနေနဲ့ စဉ်းစားမထားတဲ့ အရာတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လုံး NLD အတွက် ကျွန်မ စအလုပ်လုပ်ကတည်းက ဒါမျိုး မေးခွန်းတွေ ကျွန်မတို့ အမေးခံရလေ့ ရှိပါတယ်။ လုပ်ကြံ သတ်ဖြတ်ခံမှာကို မစိုးရိမ်ဘူးလား၊ အာဏာရှိသူတွေ၊ ဒါမျိုး လုပ်ဆောင်နိုင်သူတွေကနေ အန္တရာယ်ပေးလာမှာ မကြောက်ဘူးလား ဆိုတာမျိုးက နေ့စဉ် စဉ်းစားနေရမယ့် အကြောင်းအရာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့လုပ်နေတဲ့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်း တွဲလျက် ရှိနေတာမျိုးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ