'ကျွန်မက နိုင်ငံရေးသမားတစ်ဦးပါပဲ'

  • 6 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးပြယုဂ်တစ်ခုအဖြစ် နိုင်ငံတကာက မြင်လေ့ရှိ

ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းမှာ ထင်ရှားခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တချို့ရဲ့ အရည်အသွေးနဲ့ တွဲမြင်လေ့ရှိကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဟာ နိုင်ငံရေးသမားတစ်ဦးပါပဲလို့ ဘီဘီစီရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယရဲ့ အကြမ်းမဖက် လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင် မဟတ္တမဂန္ဒီလို၊ မဟာဂရုဏာရှင် မသာသထရီဇာလိုမျိုး ကမ္ဘာက မျှော်လင့်ခဲ့ကြပေမယ့် သူဟာ သံမဏိအမျိုးသမီးလို့ တင်စားခေါ်ကြတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာနဲ့ တူနေသလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီသတင်းထောက် ဖာဂယ်လ်ကီးန်က မေးကြည့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ''ဒါတော့ မဟုတ်ပါဘူး။ ကျွန်မက နိုင်ငံရေးသမားတစ်ဦးပါပဲ။ ကျွန်မက မာဂရက်သက်ချာနဲ့လည်း မတူဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း ကျွန်မက မာသာထရီဇာလိုမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မ ကိုယ်တိုင်လည်း သူတို့နဲ့ တူတယ်လို့ မပြောခဲ့ဖူးပါဘူး။ မဟတ္တမဂန္ဒီကျတော့ အင်မတန်လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသမား တယောက်ပါ'' လို့ ဖြေခဲ့ပါတယ်။

'ကျွန်မတို့အနေနဲ့ မဟတ္တမဂန္ဒီရဲ့ မြင့်မားတဲ့ ကျင့်ဝတ်မူဝါဒတွေအတိုင်း နေထိုင်နိုင်ဖို့ အတွက်တော့ ကျွန်မ စဉ်းစားချင်ပါတယ်။''

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးချန်ပီယံ၊ နိုင်ငံတကာ ဒီမိုကရေစီ သင်္ကေတ အဖြစ် ဖော်ညွှန်းခဲ့ကြပေမယ့် NLD အစိုးရဖြစ်ပြီး နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အဖြစ်အပျက်တွေမှာ သူဟာ လူ့အခွင့်အရေးကို အလေးမထားဘူးဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေဘက်က ဝေဖန်ပြစ်တင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူမျိုးတုံးရှင်းလင်းမှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့သူတစ်ဦးအဖြစ် အထင်ခံသွားရမှာ စိုးရိမ်တာမျိုး ရှိဖူးလားဆိုတော့ ''မရှိပါဘူး၊ ဘာလို့ဆို လူမျိုးတုံး ရှင်းလင်းမှုတွေ ဖြစ်ပျက်နေတယ်လို့ ကျွန်မ မယူဆပါဘူး။ အခု ဖြစ်ပျက်နေတာတွေကို လူမျိုးတုံးရှင်းလင်းမှုဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဆိုဖို့က ပြင်းထန်လွန်းပါတယ်။ … ဒါပေမယ့် အဲဒီမှာ ရန်လိုမုန်းထားမှုတွေ အများကြီး ဖြစ်နေတယ်လို့ ကျွန်မထင်တယ်'' ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ