လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ အသုံးအနှုန်း ပြင်းထန်လွန်းတယ်

  • 7 ဧပြီ 2017
Image caption ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရ

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိမနေဘူး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆို လိုက်ပါတယ်။

အဲဒီလို ခေါ်ဝေါ်မယ် ဆိုရင် ပြင်းထန် လွန်းမယ်လို့ လည်း ဆိုပါတယ်။

ဘီဘီစီနဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင် အရေးနဲ့ ပတ်သက်ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားတာပါ။

အဲဒီ ဒေသမှာ ရန်လိုမှုတွေ အများကြီး ရှိနေပြီး၊ အာဏာပိုင်တွေနဲ့ ပူးပေါင်းသူတွေလို့ အသတ်မှတ် ခံရရင် မွတ်ဆလင်ချင်း သတ်ဖြတ် နေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရခိုင်ပြည်နယ် အရေးဟာ မတူတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားက ပြဿနာ ဖြစ်ပြီး၊ အသိုင်းအဝိုင်း နှစ်ခု ပိုပြီး အလှမ်း ကွာတာမျိုး မဖြစ်အောင် မြန်မာ အာဏာပိုင်တွေ ဘက်က ကြိုးစား လုပ်ဆောင် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဖြစ်ရပ်တွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး သွားကြသူတွေ မြန်မာပြည်ဘက် ပြန်လာ မလားဆိုတာ အဲဒီ သူတွေ ကိုယ်တိုင် ဆုံးဖြတ် ရမှာ ဖြစ်ပြီး၊ ပြန်လာရင် လုံခြုံ စိတ်ချစွာ နေနိုင်လိမ့်မယ် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲ အချက်အလက် ရှာဖွေရေး နိုင်ငံတကာ အဖွဲ့ကို စေလွှတ်မယ် ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရဘက်က လက်မခံ ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး ကော်မရှင်ကို အဲဒီ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ထွက်မလာခင် ကတည်းက ဖွဲ့စည်း ထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ အစိုးရ စစ်တပ်က ရိုဟင်ဂျာ ရွာတွေထဲ သေနတ်နဲ့ ပစ်ခတ် အိမ်တွေကို မီးရှို့တာမျိုး၊ လူတွေကို ဖမ်းဆီး နှိပ်စက်တာမျိုး၊ အမျိုးသမီးတွေကို မုဒိန်း ကျင့်တာမျိုးတွေ ပြုလုပ် ခဲ့တယ်လို့ ထွက်ဆို ကြသူတွေ ရှိနေတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာကြ သူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်း ခဲ့တဲ့ Human Rights Watch လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှ ရေးရာ ဒါရိုက်တာ ဖေးလ် ရော်ဘတ်ဆန် က ဘီဘီစီကို ပြောပါတယ်။

ဒီလို စွပ်စွဲမှုတွေ အပေါ် နိုင်ငံတကာက စိုးရိမ် တဲ့ အတိုင်း မြန်မာ အာဏာပိုင်တွေသာ စိုးရိမ်မယ် ဆိုရင် နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ကို ဝင်ခွင် ပြုခဲ့မှာပဲ ဆိုပြီးတော့လည်း မစ္စတာ ရော်ဘတ်ဆန်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ