အငြင်းပွားဖွယ်ရာပုဒ်မ ၆၆(ဃ)နဲ့ လူ၂ဦးထောင်ဒဏ်ကျခံရ

  • 7 ဧပြီ 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ်

လူမှုကွန်ယက် မီဒီယာ တခုဖြစ်တဲ့ ဖေ့စ်ဘွတ်မှာ အငြင်းပွားဖွယ်ရာ ရေးသားမှုနဲ့ ဖြန့်ဝေမှုတွေ လုပ်ခဲ့တဲ့ လူ၂ ဦးဟာ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။

အဲဒီအထဲက တယောက် ဖြစ်တဲ့ NLDပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘွတ်မှာ ဝေဖန် အပုပ်ချ ရေးသားခဲ့တယ်ဆိုပြီး ကမာရွတ် တရားရုံးက အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဆယ်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးစစ်ဆေးနေခဲ့ပြီး ဧပြီလ ၇ ရက်နေ့ကျမှ ထောက်ဒဏ် (၆) လ အမိန့်ချလိုက်တာပါ။

အခုလို ပြစ်ဒဏ်ချခံရပေမယ့် နိုင်ငံသားတိုင်းမှာ လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပြီး အသရေ ဖျက်မှုမြောက်တယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် ဒီလို ရည်ရွယ်ရင်း မရှိပါဘူးလို့ ကိုမျိုးရန်နောင်သိန်းရဲ့ ဇနီးဖြစ်သူ မချိုက ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် ပြစ်ဒဏ်ချခံရသူ တဦးကတော့ NLDပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ကျန်းမာရေးအခြေအနေကြောင့် ပါတီကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုတဲ့ စာအတုကို ဦးဝင်းထိန်ရဲ့ လက်မှတ်အတု အပါအဝင် ပါတီတံဆိပ်တုံး အတုတွေနဲ့ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့တဲ့ NLDပါတီဝင် ကိုဖိုးထောင် ဖြစ်ပါတယ်။

ကိုဖိုးထောင်ကို အာဏာပိုင်တွေက (၅) လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဧပြီလ ၇ ရက်နေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ ဝေဖန် ရေးသားမှုတွေကြောင့် NLDပါတီဝင်တွေ ကိုယ်တိုင် ဒီပုဒ်မနဲ့ တရားစွဲဆိုတာတွေရှိသလို ဒီပုဒ်မနဲ့ပဲ NLDပါတီဝင်တွေကို တိုင်ကြားလို့ ပြစ်ဒဏ်ကျခံရတာတွေရှိနေပါတယ်။

ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် ပုဒ်မ ပြင်ဆင်ပေးဖို့ ဆန္ဒပြမှုတွေနဲ့ လွှတ်တော်ကို တင်ပြတောင်းဆိုတာတွေလည်း ရှိခဲ့ပေမယ့် NLD အစိုးရကိုယ်တိုင် ပုဒ်မ ၆၆ ဃ ကို ဖျက်သိမ်းဖို့ စဉ်းစားထားပုံ မရသေးပါဘူး။

NLDပါတီဝင် လွှတ်တော် အမတ်တဦး ကိုယ်တိုင် ဒီပုဒ်မကို ပယ်ဖျက်ပေးဖို့ အစီအစဉ် ရှိ မရှိ လွှတ်တော်တင်ပြီး မေးခွန်းမေးဖို့ ကြိုးစားခဲ့ပေမယ့် ပါတီထုံးစံအရ လွှတ်တော်မတင်ခင် စီစစ်တဲ့အဖွဲ့ ဒီလို မေးမြန်းဖို့ ကိစ္စ တင်ပြစဉ်မှာ ပယ်ချခံခဲ့ပါတယ်။

လောလောဆယ်မှာ ပုဒ်မ (၆၆)ဃ နဲ့ တရားရင်ဆိုင်နေရတဲ့ အမှုပေါင်း (၅၀) ကျော် ရှိပြီး အခုအစိုးရသစ်လက်ထက်မှာ ပြစ်ဒဏ် ချမှတ်ပြီးတဲ့ အမှု(၈)မှု၊ အာမခံ မရရှိဘဲ အချုပ်ကျနေသောအမှု(၄)မှု ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ