ငဝန်မြစ်ထဲ ခရီးသည်တင် သင်္ဘော မှောက်လို့ လူ အသေအပျောက်များ

  • 7 ဧပြီ 2017
Image caption ညနက်တဲ့ အထိ ရှာဖွေရေးတွေ ဆက်လုပ်

ပုသိမ်မြို့၊ ငဝန်မြစ်ထဲ ဧပြီလ ၇ ရက် သောကြာနေ့ ည ၇နာရီ ခွဲ ဝန်းကျင်မှာ ခရီးသည်တင် သင်္ဘော တစ်စင်းနဲ့ ကျောက်စရစ်တင်တဲ့ သင်္ဘော တိုက်မိခဲ့တဲ့ အတွက် ခရီးသည်တင် သင်္ဘော မှောက်ခဲ့လို့ အနည်းဆုံး လူ အယောက် ၂ဝ သေဆုံး ခဲ့ရတယ် ဆိုပြီး တိုင်း ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က ပြောပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အလောင်း ၂ဝ ကို တွေ့ထားရပြီး၊ လူ ၂၇ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ် ထားနိုင်တယ်လို့ ဆိုပါတယ်။

ခရီးသည်တင် စက်လှပေါ်မှာ အယောက် ၅ဝ ကျော် လိုက်ပါ သွားတာ ဖြစ်ပြီး၊ ညနက်တဲ့ အထိ ရှာဖွေရေးတွေ ဆက်လက် လုပ်ဆောင် နေပါတယ်။

ကမ်းနီ ကျေးရွာအုပ်စု၊ ရခိုင်ကုန်း ကျေးရွာကနေ ပုသိမ်မြို့ပေါ် မင်္ဂလာပွဲ လာကြတဲ့ အုပ်စု အပြန်မှာ အဲဒီ အဖွဲ့ စီးနင်းလာတဲ့ ငွေကြယ်ပွင့် သင်္ဘောနဲ့ ကျောက်စရစ် သင်္ဘော တိုက်မိခဲ့တာ ဖြစ်ပြီး၊ ငွေကြယ်ပွင့် မှောက်ခုံ ဖြစ်သွားတယ် လို့ ပုသိမ် ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ ညွှန်ကြားရေးမှုး ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ဘာအကြောင်းကြောင့် ဝင်တိုက်ခဲ့ရတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

အစိုးရ ပြန်ကြားရေး ဌာနတော့ ကျောက်ငူ ဆိပ်ကမ်းနားမှာ နဒီရွှေစင် ဆိုတဲ့ တွဲသင်္ဘောက ငွေကြယ်ပွင့် သင်္ဘောရှေ့ ဖြတ်မောင်းရာက တိုက်မိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ