ငဝန်မြစ်ထဲ သင်္ဘောမှောက်တဲ့ ကိစ္စ စစ်ဆေးရေးစတင်

  • 8 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရှာဖွေတွေ့ရှိထားတဲ့ အလောင်း (၂၀) ထဲမှာ သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်

ဧပြီလ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ ငဝန်မြစ်အတွင်းမှာ ကျောက်တင်သင်္ဘောနဲ့ လူတင်သင်္ဘော တိုက်မိရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စစ်ဆေးမှုတွေ စလုပ်နေပါတယ်။

ဒီ စုံစမ်းရေး ကော်မရှင်အဖွဲ့မှာ တိုင်းအစိုးရအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ရေကြောင်းထိန်းသိမ်းရေးဌာနတွေက တာဝန်ရှိသူတွေအပြင် လွှတ်တော် အမတ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဌာနပေါင်းစုံပါတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက် အသေးစိတ်ကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ကျောက်တင်သင်္ဘောနဲ့ စက်လှေက တာဝန်ရှိတဲ့သူတွေကို စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်း လျှပ်စစ်နဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဧပြီလ ၇ ရက်နေ့မှာ ပုသိမ်မှာ ရှိတဲ့ မင်္ဂလာဆောင်က ပြန်လာပြီး လူ (၆၀) ကျော် ပါလာတဲ့ စင်းလုံးငှား စက်လှေဟာ ကျောက်တင်စက်လှေနဲ့ တိုက်မိတာကြောင့် ဝမ်းပိုင်း ကွဲထွက်ပြီး နစ်မြုပ်ခဲ့လို့ လူ (၂၀)ကျော် သေဆုံးခဲ့သလို ပျောက်ဆုံးသူဦးရေလည်း (၁၀) ဦးထက်မနည်း ရှိနေနိုင်တဲ့အတွက် ဆက်လက် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ အလောင်း (၂၀) ထဲမှာ သေဆုံးသူ အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ခရီးသည်တွေတင်လာပြီး ရှေ့မီးထွန်းမထားတဲ့ သင်္ဘောက ကမ်းက ထွက်ထွက်ချင်း မိနစ်ပိုင်းလောက်မှာပဲ အလျားရှည်တဲ့ ကျောက်တင်သင်္ဘောကို တွေ့ရပြီး တိမ်းရှောင်လိုက်တဲ့အခါမှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ခရီးသည်တင်သင်္ဘောရဲ့ ရှေ့ပိုင်း ခေါင်မိုးပေါ်မှာ လိုက်ပါခဲ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ ကိုညီညီကျော်က ဘီဘီစီကို ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးအများစုဟာ ခရီးသည်တင်သင်္ဘောရဲ့ ဝမ်းပိုင်းထဲမှာ ရှိနေကြတဲ့ အတွက် သင်္ဘော မှောက်ခုံဖြစ်သွားတဲ့အချိန်မှာ ပိတ်မိပြီး သေဆုံးရသူ များနိုင်တယ်လို့ သင်္ဘောဆိုင်းဘုတ် ပျဉ်ပြားကို ဖက်တွယ် ကူးခတ်ပြီး အသက်ဘေးလွတ်ခဲ့တဲ့ ကိုညီညီကျော်က ပြောပါတယ်။

လောလောဆယ်မှာ သင်္ဘောနစ်မြုပ်စဉ်အတွင်း အသက်ရှင်ကျန်ရစ်သူ အယောက် သုံးဆယ်လောက်ကို ပုသိမ် ဆေးရုံမှာ ဆေးကုသမှုတွေ ပေးနေပြီး ကူညီငွေအဖြစ် မိသားစုဝင်တွေကို သေဆုံးသူတစ်ဦး (၁၅) သိန်းစီနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တစ်ဦး (၂)သိန်းစီ တိုင်းအစိုးရအဖွဲ့နဲ့ ပြင်ပအလှူရှင်တွေက ပူးပေါင်းပြီး ထောက်ပံ့ပေးနေတယ်လို့ ဦးဝင်းဌေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ