KNU ခေါင်းဆောင်ပိုင်း နေရာတွေ ရွေးကောက်တင်မြှောက်

  • 8 ဧပြီ 2017
Image caption KNU မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လိုလားသူ အုပ်စုကပဲ ခုတခေါက် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ဖြစ်လာ

စနေနေ့က ကျင်းပတဲ့ ၁၆ကြိမ်မြောက် KNU ကွန်ဂရက် အစည်းအဝေးမှာ KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးကိုပဲ ပြန်လည် ရွေးကောက် တင်မြှောက် လိုက်ကြပါတယ်။

KNU ဒုဥက္ကဋ္ဌအဖြစ် ပဒို စောကွယ်ထူးဝင်း အရွေးခံခဲ့ရပြီး ပဒို စောတာဒိုမူးက အထွေထွေ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး ( ၁ )နဲ့ ( ၂ )နေရာကိုတော့ ပဒို စောဆဲပွယ်နဲ့ ပဒို စောလှထွန်းတို့က ရသွားပါတယ်။

ကျန်တဲ့ ကော်မတီဝင်တွေကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုစော သမိန်ထွန်း၊ ပဒိုစောရောဂျာခင်နှင့် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးတို့ ဖြစ်ပါတယ်။

အခုတခေါက် KNU ရဲ့ ဗဟို အခုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ဦး ပြန်လည် ရွေးချယ်မှုမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လိုလားသူ အုပ်စုကပဲ ကော်မတီဝင် ဖြစ်လာကြတယ်လို့ သုံးသပ်နေကြပါတယ်။

အပစ်အခတ် ရပ်စဲရေးကို ဝေဖန် ထောက်ပြခဲ့တဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန် ပြန်အရွေးမခံ ခဲ့ရပေမယ့် KNU ထဲမှာ စည်းလုံးညီညွတ်မှု မပျက်ပြားရအောင် KNUထဲက ဌာနကြီး ၁၄ခုမှာ ၂နေရာမှာ ဒုဥက္ကဋ္ဌ ကို ထောက်ခံတဲ့ လူဟောင်းတွေကို နေရာချ ထားပေးခဲ့ပြီး တခြားကဏ္ဍတွေမှာလည်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့မှာ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ရဲ့ အရင် ဥက္ကဋ္ဌ တွေကတော့ စောစံဖိုးသင်၊ စောဘဦးကြီး၊ စကောလယ်တော၊ စောဟံတာသာမွှေး၊ မန်းဘဇန်၊ စောဘိုမြ၊ စောဘသင်စိန်၊ စောတာမလာဘော၊ စောမူတူးစေးတို့ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ