မတရားသင်း ပုဒ်မနဲ့ ထောင်ချ ခံထားရသူကို ပြန်လွှတ်ဖို့ တောင်းဆို

  • 9 ဧပြီ 2017
Image caption ဒေါ်အောင်ဆန်းစုကြည် ထံ စာပို့ ထားတယ်

မြစ်ကြီးနား အကျဉ်းထောင်ထဲ ကျန်းမာရေး အခြေအနေ ဆိုးရွား လွန်းနေတဲ့ ကချင် အမျိုးသား ဦးလဖိုင်ဂမ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က တောင်းဆို လိုက်ပါတယ်။

ဦးလဖိုင်ဂမ်ဟာ မတရားသင်း အက်ဥပဒေ ၁၇ (၁) အရ ၂ဝ၁၂ ကတည်းက ဖမ်းဆီး ခံထားရတာ ဖြစ်ပြီး၊ ကျန်းမာရေး ဆိုးလာတာ နှစ်လနီးပါး ရှိနေပြီလို့ သူ့ရဲ့ ရှေ့နေ ဖြစ်သူ ဦးမာခါးက ဘီဘီစီကို ပြောပါတယ်။

ထိန်းသိမ်း ခံထားရစဉ် အနှိပ်စက် ခံခဲ့ ရတာတွေရဲ့ နောက်ဆက်တွဲ ဒဏ်တွေ ခံနေရတာ ဖြစ်ပြီး၊ အူကျ ဝေဒနာနဲ့ အစာအိမ်ရောဂါ တွေလည်း ခံစား နေရတယ်လို့ ရှေ့နေ ဖြစ်သူက ပြောပါတယ်။

ဦးလဖိုင်ဂမ်ဟာ ကချင်လက်နက်ကိုင် KIA နဲ့ ဆက်သွယ်လို့ ဆိုတဲ့ စွဲချက်နဲ့ အတူ ဖောက်ခွဲမှု တွေနဲ့ ထောင် နှစ်ရှည် ကျခံ နေရသူ ဖြစ်ပါတယ်။

အစိုးရ စစ်တပ် ခလရ(၃၇)က သူ့ကို စဖမ်းတဲ့ အချိန်မှာရော၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ချုပ်နှောင် ထားချိန်မှာရော အနှိပ်စက် ခံခဲ့ရတယ်လို့ ရှေ့နေ ဖြစ်သူက ပြောပါတယ်။

ဦးလဖိုင်ဂမ်ဟာ ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်တာ မျိုး၊ ရေနှစ်တာမျိုး စတာတွေ အပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား ခံခဲ့ရတယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

ဦးလဖိုင်ဂမ်ရဲ့ မိသားစုက အရင် အစိုးရလက်ထက် သမ္မတ ဦးသိန်းစိန် ထံကိုရော၊ တရားဥပဒေ စိုးမိုးရေး လွှတ်တော် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ထံကို ပါ ဦးလဖိုင်ဂမ်ကို ပြန်လွှတ် ပေးဖို့ တောင်းဆို ခဲ့ဖူးသလို၊ ပြီးခဲ့တဲ့ လတုန်းကလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ထံကို ဦးလဖိုင်ဂမ် လွတ်မြောက် လာရေး ကိစ္စ ထပ်မံ စာပို့ ထားတယ် လို့ ဆိုပါတယ်။