မြင်းခြံက စျေးဆိုင်ရှင် ထောင်ချီ ဆန္ဒပြ

  • 9 ဧပြီ 2017
Image caption ကော်မတီဝင်တွေ နှုတ်ထွက် ပေးဖို့ တောင်းဆို

မြင်းခြံမြို့က စည်ပင်သာယာပိုင် စျေး ၄ ခု မှာ၊ ဆိုင်ခန်းခွန်တွေ ၅ ဆ တိုးကောက်လာတဲ့ အတွက် စျေးသူစျေးသား တစ်ထောင် ဝန်းကျင်ဟာ မြို့ပေါ်မှာ ဧပြီ ၈ ရက် နေ့တုန်းက လှည့်လည် ဆန္ဒ ပြလာ ကြပါတယ်။

ဆိုင်းခန်းခွန် ပြန်လည် လျှော့ပေးဖို့ သာမက၊ စည်ပင်သာယာ ကော်မတီဝင်တွေ နှုတ်ထွက် ပေးဖို့လည်း အော်ဟစ် တောင်းဆို ခဲ့ကြတယ် ဆိုပြီး အဲဒီမှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စျေးသူ စျေးသားတွေရဲ့ ဆန္ဒသဘောထားကို ရယူခြင်း မရှိပဲ စည်ပင်က ဆုံးဖြတ်ခဲ့တဲ့ အတွက် ကန့်ကွက် ရတာ ဖြစ်တယ်လို့ ဦးဆောင် ဆော်သြသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

တိုးမြှင့် ကောက်ခံတဲ့ ငွေ ပမာဏဟာ တစ်ရက်ကိုမှာ ငွေကျပ် တစ်ရာ၊ နှစ်ရာသာ ကျသင့်မှာ ဖြစ်လို့ စျေးဆိုင်ရှင် တွေ အတွက် တတ်နိုင်တဲ့ ပမာဏ ဖြစ်သလို၊ တစ်ဘက်မှာလည်း ကိုယ်ပိုင် ဘတ်ဂျက် နဲ့ လည်ပတ်ရတဲ့ စည်ပင်အဖွဲ့ အနေနဲ့ မြင်းခြံမြို့ တိုးတက်ရေးကို ရည်ရွယ်လို့ သင့်တော်တဲ့ နှုန်းထား သတ်မှတ် ခဲ့ရတာ ဖြစ်တယ် ဆိုပြီး မြင်းခြံ စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ ဒေါက်တာဝင့်သူက ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရ စည်ပင် ဝန်ကြီး လမ်းညွှန်မှုနဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ နှုန်းထား ပြင်ဆင် ရတာ ဖြစ်ပြီး၊ ပြန် ပြင်ဆင်ပေးဖို့ မရှိဘူးလို့ စည်ပင် ကော်မတီက ဆိုပါတယ်။

အခွန်တိုးတာကို မကျေနပ်ကြ သူတွေကလည်း သူတို့ အနေနဲ့ ဆက်ပြီး ကန့်ကွက် နေဦးမှာ ဖြစ်သလို၊ အာဏာပိုင် အထက် အဆင့်ဆင့်ထိ တက်ပြီး ဒီကိစ္စကို တိုင်မယ်လို့လည်း ပြောနေပါတယ်။