ဦးကိုနီအမှုက တရားခံပြေးကို အင်တာပိုက အနီရောင်သတိပေးချက်ထုတ်

  • 9 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MOI Webportal Myanmar
Image caption တရားခံနောက်ဆုံးပျောက်သွားတဲ့ နေရာဖြစ်တဲ့ နေပြည်တော်က ဘယဆေးဥယျာဉ်တဝိုက်မှာ သီးသန့် ဖမ်းဝရမ်း ထပ်မထုတ်ခဲ့တဲ့အပြင် နယ်စပ်ကနေ ထွက်သွားတဲ့ သတင်းကိုလည်း ရဲတွေဘက်က ရမထား

NLD ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံပြေးအဖြစ် ကြေညာခံထားရသူ အောင်ဝင်းခိုင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုကို ဆက်သွယ်ခဲ့တဲ့အတွက် အင်တာပိုက ဧပြီလ ၇ ရက်နေ့မှာ အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အနီရောင် သတိပေးချက်အရ ပြည်ပမှာ အောင်ဝင်းခိုင်ကို ဖမ်းမိတာနဲ့ အင်တာပိုက မြန်မာနိုင်ငံကို ချက်ချင်း ပြန်ပို့မှာ ဖြစ်ပါတယ်။

အခုလို နိုင်ငံတကာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာဟာ ကောင်းမွန်ပေမယ့် တရားခံဟာ ပြည်တွင်းမှာပဲ ရှိနိုင်တဲ့ အခြေအနေတွေ တွေ့နေရတယ်လို့ ဦးကိုနီရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့အတွက် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်မှာရှိတဲ့ သူ့ရဲ့ နေအိမ်ကို ရှာဖွေဖို့ ဝရမ်းထုတ်ခဲ့ပေမယ့် တရားခံနောက်ဆုံးပျောက်သွားတဲ့ နေရာဖြစ်တဲ့ နေပြည်တော်က ဘယဆေးဥယျာဉ်တဝိုက်မှာ သီးသန့် ဖမ်းဝရမ်း ထပ်မထုတ်ခဲ့တဲ့အပြင် နယ်စပ်ကနေ ထွက်သွားတဲ့ သတင်းကိုလည်း ရဲတွေဘက်က ရမထားတဲ့အတွက် အောင်ဝင်းခိုင်ဟာ ပြည်တွင်းမှာပဲ ရှိနေနိုင်တယ်လို့ ယူဆကြောင်း ဦးနေလက ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုကို စစ်ဆေးရာမှာလည်း စာရွက်စာတမ်းနဲ့ တရားခံပြည့်စုံဖို့ လိုအပ်ပြီး တရားခံပြေး အောင်ဝင်းခိုင်လည်း စစ်တဲ့အထဲ ပါဝင်မှသာ အမှုရဲ့ အကြောင်းရင်းနဲ့ တာဝန်ရှိသူကို ပြည့်ပြည့်စုံစုံ သိရှိနိုင်မယ်လို့ ဦးနေလက ပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုနဲ့ သက်ဆိုင်သူ တရားခံ လေးယောက်ကို တရားလိုပြ သက်သေ ရဲအရာရှိတချို့နဲ့အတူ ငါးကြိမ် အထိ တရားရုံးက စစ်ဆေးထားပြီး ဧပြီလ ၂၁ ရက်နေ့မှာလည်း နောက်ထပ် ရုံးချိန်းတခု ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ