ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲခံရ

  • 9 ဧပြီ 2017
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ပိုင်မီဒီယာကနေ အစိုးရတစ်နှစ်ပြည့် မိန့်ခွန်း ပြောခဲ့

ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပတ်သက်ပြီး ပါတီနာမည်နဲ့တကွ ပြောကြားမှုတွေက ပါတီစည်းရုံးရေး လုပ်တဲ့ သဘောဖြစ်လို့ အခြေခံဥပဒေကို ဖောက်ဖျက်ရာ ရောက်တယ်လို့ ပြည်ခိုင်ဖြိုး ပါဝင်တဲ့ ပါတီ ၁၂ ခုက ပူးတွဲ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်ယူမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ပြောတဲ့ မိန့်ခွန်းမှာ ပါတီရဲ့ ကတိတွေကို အကောင်အထည်ဖော်ပေးခဲ့တာနဲ့ ပါတီရဲ့ ဆောင်ပုဒ်အကြောင်းကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခြေခံဥပဒေမှာက ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားသူက ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိရလို့ ပြဋ္ဌာန်းထားကြောင်း ၁၂ ပါတီထဲမှာပါတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။

ဒါ့အပြင် အစိုးရပိုင် သတင်းစာတွေကနေ NLD နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့က အစိုးရသစ်တစ်နှစ်တာခရီးအကြောင်း ပြောကြားမှုတွေမှာလည်း သွယ်ဝိုက်ပြီး မဲဆွယ်တာတွေ ပါဝင်တယ်လို့ ၁၂ ပါတီက စွပ်စွဲထားပါတယ်။

ဒီအကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေနဲ့အညီ တင်ပြသွားမယ်လို့လည်း ၁၂ ပါတီက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီစွပ်စွဲမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမယ်ဆိုရင် ကော်မရှင်နဲ့သာ ဆိုင်ကြောင်း၊ NLD အနေနဲ့တော့ အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ မမြင်ကြောင်း NLD ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးက ဘီဘီစီကို ပြောပါတယ်။

၁၂ ပါတီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒေါက်တာနေဇင်လတ် ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီတွေလည်း ပါဝင်ပါတယ်။