တရုတ်ပိုက်လိုင်းမှာ ရေနံစီးတော့မယ်

  • 9 ဧပြီ 2017
Image caption ကျောက်ဖြူ တရုတ် ရေနံပိုက်လိုင်း

တရုတ်နိုင်ငံကို ပိုက်လိုင်းက တဆင့် ရေနံတင်ပို့မယ့် United Dynamic ရေနံတင် သင်္ဘောကြီးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဧပြီလ ၉ ရက်နေ့က ဆိုက်ရောက်ခဲ့ပါတယ်။ ပထမဆုံးရောက်ရှိလာတဲ့ အဲဒီရေနံတင် သင်္ဘောပေါ်မှာ ရေနံစည်ပေါင်း တသန်းတင်ဆောင်လာပါတယ်။

တရုတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက စတဲ့ ဒေသတွေကနေ ဝယ်ယူရရှိထားတဲ့ ရေနံတွေကို ကျောက်ဖြူမြို့ကနေ ပိုက်လိုင်းက တဆင့် တင်ပို့ခြင်းအားဖြင့် စားရိတ်စားခ များစွာ သက်သာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိတဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းစရာလည်း မလိုတော့တဲ့ အတွက် ကျောက်ဖြူရေနံပိုက်လိုင်းဟာ တရုတ်ရဲ့ လုံခြုံရေး အတွက်လည်း သေနင်္ဂဗျူဟာ ကျကျ အရေးပါတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ယုံကြည်ကြပါတယ်။

သမ္မတဦးထင်ကျော် တရုတ်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်းမှာပဲ အခုလို ပထမဆုံး တရုတ်ရေနံသင်္ဘော ဆိုက်ရောက်လာတာလည်း ဖြစ်ပါတယ်။