ထုတ်ခွင့်ကျပြီး စက်မှုဇုံကားတွေ ပြန်ထုတ်ခွင့်ပြု

  • 10 ဧပြီ 2017
Image caption ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားဟောင်းတွေ နေရာ ကားသစ်တွေနဲ့ အစားထိုးဖို့ အစိုးရက စီစဉ်နေ

တပ်မတော်အစိုးရ လက်ထက်က ခွင့်ပြုချက်ရရှိထားပြီး မထုတ်လုပ်ရသေးတဲ့ စက်မူဇုံကားတချို့ကို NLD အစိုးရက ထုတ်လုပ်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။

စက်မှုဇုံထုတ်ကားဆိုတာ မြန်မာနိုင်ငံမှာ အမှန်တကယ်ထုတ်လုပ်တာ မဟုတ်ပဲ ပြည်ပကထုတ်လုပ်တဲ့ကား တွေကို နယ်စပ်ကတင်သွင်းပြီးစက်မှုဇုံ တံဆိပ်ကပ်တာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာတော့ စက်မူဇုံ ထုတ် ကားထုတ်လုပ်တာကို ရပ်ဆိုင်း လိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် အချို့စက်မှုဇုံတွေမှာ ခွင့်ပြုချက်ရထားပြီး ထုတ်လုပ်ခွင့်မရဖြစ်နေတဲ့အတွက် အခုလို ပြန်လည်ထုတ်လုပ်ခွင့်ပြုရတာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

အရင်တုန်းက စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မီတီက ထုတ်လုပ်ဖို့ ခွင့်ပြုချက်ကျပြီးသား ကားတွေအတွက် လုပ်ငန်းရှင်တွေက နိုင်ငံခြားက အင်ဂျင်တွေ ဝယ်ယူတင်သွင်းထားပြီးမှ ထုတ်လုပ်ခွင့် ပိတ်လိုက်တဲ့အတွက် နစ်နာသူတွေရှိတာကို စဉ်းစားပေးတာ ဖြစ်ပြီး နောက်ထပ်ခွင့်ပြုချက်ပေးတာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ခွင်ပြုမိန့်ကျပြီးသား မထုတ်ရသေးတဲ့ ကား စီးရေ ၁၀၀၀ လောက်ကျန်နေသေးတယ်လို့ သိရပါတယ်။

မော်တော်ယာဉ် ဖြန့်ဖြူးရောင်းချရေးအသင်း ဒုတိယဥက္ကဌ ဦးအောင်မြင့်ကတော့ အခု စက်မှုဇုံက ထုတ်မယ့် ကားတွေဟာ ၁၉၉၅ လောက်က ကားတွေကို မြန်မာမှတ်ပုံတင် ပေးတာ ဖြစ်တဲ့အတွက် သက်တမ်း နှစ် ၂၀ ကျော်တဲ့ ကားတွေကို ဖျက်သိမ်းနေတဲ့အချိန်မျိုးမှာ သက်တမ်းအိုကားတွေ လမ်းပေါ်ရောက်လာဦးမယ်ဆိုတဲ့ သဘောပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် အခုလိုစက်မှုဇုံ လက်ကျန်တွေ ပြန်လည် ထုတ်လုပ်ခွင့်ပြုတာဟာ အစိုးရရဲ့ မော်တော်ယာဉ် မူဝါဒနဲ့ ဆန့်ကျင့်နေတယ်လို့လည်း သူကပြောပါတယ်။

NLD အစိုးရက ပြည်သူတွေ ကားသစ်တွေ စီးနိုင်ဖို့ မူဝါဒပြောင်းလဲ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ဂျပန်က ကားကုမ္ပဏီအချို့ကို ထုတ်လုပ်ခွင့်ပြုနေပါတယ်။