မူးယစ်ဆေး စွဲသူတွေကို ထောင်ဒဏ် ချတော့မှာမဟုတ်

  • 11 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကချင်ပြည်နယ်မှ မူယစ်ဆေးစွဲသူများ

လက်ရှိမူးယစ် ဆေးဝါးဥပေဒပုဒ်မ ၁၅မှာ ဖေါ်ပြထားတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ထောင်ဒဏ် ၃နှစ်မှ ၅နှစ်အစား လူမှုရေး ပြစ်ဒဏ်အဖြစ် တရက် ၂နာရီနဲ့ အနည်းဆုံးနာရီ ၁၈၀ ကနေ ၂၄၀ အထိ ချမှတ်မှတ်နိုင်တယ်လို့ ပြင်ဆင်မယ့် ဥပဒေမှာ အစားထိုး ထားကြောင်း ရဲမှူးကြီးတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

အခုအခါ အရေးယူ ထောင်ချတာ ဘာအကျိုးမှမရှိပဲ နိုင်ငံတကာမှာ အပြစ်ပေးသလို လူမှုရေးဆိုင်ရာ ပြစ်ဒဏ်မျိုး ပြောင်းလဲသတ်မှတ်ပေးဖို့ မူးယစ်ဗဟိုနဲ့ ဆက်စပ်အဖွဲ့တွေက ရှေ့နေချုပ်ရုံး အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီတွေကို အကြံပြု တင်ပြ ထားတာဖြစ်ပါတယ်။

မူးယစ်ဆေးစွဲတာကို ရောဂါအဖြစ်အခု သတ်မှတ်တဲ့အတွက် ဆေးစွဲတာကို ဖြတ်တဲ့စခန်းတွေကို အစိုးရကတာဝန်ယူ ကုသပေးနေကြောင်း သိရပါတယ်။ ဒါ့အပြင် အ ခုလိုဆောင်ရွက်တဲ့အတွက် မူးယစ်ဆေး စွဲသူတွေအနေနဲ့ အဖမ်းခံရမှာ မပူပဲ မှတ်ပုံတင်နိုင်လို့ မူးယစ်ဆေးစွဲတဲ့ စါရင်းအလွယ်တကူ ရရှိနိုင်ပြီး မိဘတွေ အနေနဲ့လည်း စိတ်ပူစရာမရှိကြောင်း ပြောပါတယ်။

အခုလို လူမှုရေး ပြစ်ဒဏ်ပေးရာမှာ ရပ်ရွာ သန့်ရှင်တာ သစ်ပင် ခြုံနွယ် ခုတ်ထွင်တာ အိမ်သာကျင်းတူးတာ လမ်းပြင်တာစတဲ့ အကျိုးပြု လုပ်ငန်းတွေကို တနေ့၂နာရီ လုပ်ရမှာဖြစ်လို့ ပြစ်ဒဏ် ခံရသူတွေအနေနဲ့လည်း သိပ်အပမ်းမကြီး နိုင်ကြောင်း အခုပြုပြင်မယ့် စနစ်နဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲမှူးကြီး တင်ဝင်းကကြောကြားသွားပါတယ်။