မငြိမ်းချမ်းတဲ့ ဒေသက ကျေးလက်လူငယ်တွေ ငြိမ်းချမ်းရေး အမြန်ဆုံး ရလို

  • 11 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ၂၀၁၇ ဇန်နဝါရီက စပြီး ငြိမ်းချမ်းရေး စကားဝိုင်းတွေကို တိုင်းရင်းသား လူငယ်တွေနဲ့ ပြုလုပ်လာတာ အခု လေးကြိမ် ရှိပြီ ဖြစ်ပါတယ်

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်လို့ သတ်မှတ်ထားတာနဲ့ အညီ မငြိမ်းချမ်းတဲ့ ကျေးလက် ဒေသက ပြည်သူ လူထုရဲ့ အသံကို နားထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကျေးလက် လူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကို ဧပြီလ ၁၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ ပါတယ်။

အခု တကြိမ်မှာ မငြိမ်းချမ်းတဲ့ ဒေသ ကျေးလက် တောရွာက လူငယ်တွေကို ဦးစားပေး ရွေးချယ်ထားပြီး ကိုးကန့်၊ တအာင်း၊ ကချင်နဲ့ ကရင် ပြည်နယ်က လူငယ်တွေ ပါဝင်ပါတယ်။

ဆွေးနွေးပွဲမှာ ပါတဲ့ ကချင် တိုင်းရင်းသူ တစ်ယောက်က ငြိမ်းချမ်းရေး ရအောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်ကို ပြောခဲ့ပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေထိုင် ကြရသူတွေ သူတို့ နေရပ်ကို ပြန်ပြီး ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ကိုင် စားသောက်နိုင် ကြရအောင် အမြန်ဆုံး ငြိမ်းချမ်းရေး ရအောင် လုပ်ပေးပါလို့ သူက ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ လူငယ်တွေက ကျေးလက်က လူငယ်တွေ မူးယစ် ဆေးဝါး သုံးစွဲမှု များလာ တာကို ပြောကြတဲ့ အပြင် ငြိမ်းချမ်းရေး မရှိတဲ့ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက် အဦတွေ လုပ်ဆောင် ပေးဖို့၊ လောင်းကစားဝိုင်း တွေကို ဖမ်းဆီးပေးဖို့ ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ကိုင် စားသောက် နိုင်အောင် ဆောင်ရွက်ပေးဖို့ တရားဥပဒေ စိုးမိုးမှု ရှိအောင် ဖန်တီးပေးဖို့ စတာတွေကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ကတော့ ကျေးလက် တောရွာမှာ နေတဲ့ ပြည်သူ လူထုဟာ နိုင်ငံရဲ့ ကျောရိုး ဖြစ်တဲ့ အတွက် ကျေးလက် ပြည်သူတွေရဲ့ ဘဝ တိုးတက် ကောင်းမွန်မှ နိုင်ငံ တိုးတက်ပြီး မားမား မတ်မတ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တအာင်း အမျိုးသမီး ယန်းစံအေး ခေါ် မဖြူစင်ပွင့်ကတော့ တိုင်းရင်းသားတွေကို အချိန်မရွေး NCA အပစ်ရပ် စာချုပ် လက်မှတ်ထိုး နိုင်အောင် တံခါး ဖွင့်ထားတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တဲ့ အတွက် အချိန်မရွေး လက်မှတ်ထိုး နိုင်တယ်လို့ မြင်ကြောင်းနဲ့ သူတို့ ဒေသက မငြိမ်းချမ်းတဲ့ ဒေသဖြစ်လို့ အမြန်ဆုံး လက်မှတ် ထိုးစေချင်ကြောင်း ပြောပါတယ်။

ကျေးလက်နေ ပြည်သူတွေ အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ပူးပေါင်း ဆောင်ရွက်ပေးမလဲလို့ ပြောတာ ဒေါ်အောင်ဆန်း စုကြည် ဖက်က ကြားချင်ပေမဲ့ ဆွေးနွေးတဲ့ လူငယ်တွေကတော့ သိပ်အများကြီး ဆွေးနွေးသွားတာ မတွေ့ရပါဘူး။