ပုဒ်မ ၆၆ ဃ ပြင်ဆင်ရေး ဆက်သွယ်ရေး ဝန်ကြီး ဌာနတွင်း ဆွေးနွေး

  • 12 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Maung Saungkha FB
Image caption ပုဒ်မ ၆၆ ဃ အရ ကဗျာဆရာ မောင်ဆောင်းခ ဖမ်းဆီးခံခဲ့ရဖူးပါတယ်

လူအများ ဝေဖန် ပြောဆိုနေကြတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကို ပြင်ဆင်နိုင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန အတွင်းမှာ ဆွေးနွေး ညှိနှိုင်း နေပါတယ်။

ဒီပုဒ်မကို အသုံးပြုပြီး တရားစွဲဆိုတဲ့ အခါ စွပ်စွဲ ခံရသူတွေ အာမခံ မရလို့ နစ်နာမှု ရှိတဲ့ အတွက် ဘယ်လို ပြုပြင် သင့်တယ် ဆိုတာ စဉ်းစား ဆွေးနွေး နေကြတာ ဖြစ်ကြောင်း ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မက ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ငန်း ဆောင်ရွက်လို့ ရအောင် အဓိက ရည်ရွယ်တဲ့ ဥပဒေ ဖြစ်တယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။

ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုပြီး အသရေဖျက်မှု၊ အမုန်းစကား လှုံ့ဆော်မှု တွေနဲ့ပတ်သက်လို့ တခြား ရှိပြီးသား ဥပဒေတွေအရ ပြည့်ပြည့်စုံစုံ ကာကွယ် မပေးနိုင်ဘူးလို့ ယူဆတဲ့ အတွက် ပုဒ်မ ၆၆ ဃ ကို ဆက်သွယ်ရေး ဥပဒေမှာ ထည့်သွင်းတဲ့ သဘောလို့ သုံးသပ်ကြောင်း သူက ပြောပါတယ်။

ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး လိုအပ်သလို ဥပဒေပြုရေး ပြဌာန်းရေးတို့မှာ တာဝန်ရှိတဲ့ လွှတ်တော်ဘက်က သဘောထား တောင်းခံ လာရင်လည်း အသင့် ပေးနိုင်အောင် ဌာနတွင်း စဉ်းစားဆွေးနွေး နေတာဖြစ်တယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။