သင်္ကြန်အကြို လျှော့ရက်ရ အကျဉ်းသားတွေ ပြန်လွတ်

  • 12 ဧပြီ 2017
Image caption လျှော့ရက်ရ အကျဉ်းသားတွေ ပြန်လွတ်လာ

နိုင်ငံတဝန်းက ထောင်တွေထဲမှာ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေထဲက လွတ်ရက်စေ့သူ၊ လွတ်ရက်နီးသူ တွေကို ထောင်စည်းကမ်းလိုက်နာမှုကို အခြေခံပြီး အကျဉ်းထောင်လက်စွဲ ဥပဒေ ၈၄ရနဲ့ ၈၄၈ အရ အကျဉ်းသား ၁၈၈၃ ယောက်ကို ဧပြီလ ၁၂ ရက်နေ့က လွှတ်ပေးလိုက်ပါတယ်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ဖြစ်တော့မှာမို့ ပိတ်ရက်တွေမှာ လွတ်ရက်စေ့သူတွေနဲ့ ထောင်အာဏာပိုင်ကပေးတဲ့ လျော့ရက်ရသူတွေကို ကြိုလွှတ်ပေးလိုက်တာ ဖြစ်ပါတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ဘီဘီစီကို ရှင်းပြပါတယ်။

လွတ်လာတဲ့ထဲမှာ မန္တလေး အိုးဘိုထောင်ကတော့ ကျား ၂၄၉ မ ၂၃ စုစုပေါင်း ၂၇၂ ယောက်လွတ်တယ်လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းကပြောပါတယ်။ အိုးဘိုထောင်က လွတ်လာတဲ့ ကျောက်ဆည်သား ကိုသာစိုးကတော့ ရှစ်နှစ် ပြစ်ဒဏ်ကျရာက လွတ်ဖို့ တစ်လပဲ လိုတဲ့အချိန် လွတ်လာတာလို့ ပြောပါတယ်။ ကိုသားစိုးကို ထောင်ဗူးဝမှာလာကြိုနေတဲ့ သူ့မိခင်ကလည်း တစ်လစောလွတ်လည်း ဝမ်းသာရတာမို့ လွှတ်ပေးတဲ့ အာဏာပိုင်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ကိုသာစိုးလို ရာဇဝတ်အကျဉ်းသားတွေ လွတ်သလိုပဲ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ ထောင် ၆လ ချမှတ်ခံရတဲ့ NLD ပါတီ ဗဟို သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်း နဲ့ NLD ပါတီဝင် ကိုဖိုးထောင်၊ ကိုဝေယံကောင်းတို့လည်း လွတ်လာပါတယ်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက ကိုအောင်မျိုးကျော်ကတော့ နိုင်ငံရေး အကျဉ်းသား ၉၀ ကျော် လည်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတာကို ထောက်ပြပြီး သူတို့ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

လက်ရှိ ထောင်တွေထဲမှာ ထောင်ကျအကျဉ်းသား ခုနှစ်သောင်းကျော်ရှိတယ်လို့ ပြည်ထဲရေးစာရင်းအရ သိရပြီး ပြစ်ဒဏ်မကျသေးတဲ့ အချုပ်သားတွေပါပေါင်းရင် တစ်သိန်းကျော်ရှိနေပါသေးတယ်။ ဒီထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ကျနေတဲ့ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်၊ ကုန်စျေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးထားသူတွေ သိမ်းဆည်းခံ လယ်ယာမြေပြန်ရရေး တောင်းဆိုလို့ ထောင်ကျသူတွေ စုစုပေါင်း ၁၀၀ နီးပါးရှိသေးတယ်လို့ အေအေပီပီစာရင်းအရ သိရပါတယ်။