နိုင်ငံတဝန်း သင်္ကြန်ပွဲ စတင်ဆင်နွှဲ

  • 13 ဧပြီ 2017
ဓာတ်ပုံ မူပိုင် REUTERS
Image caption သင်္ကြန် အကြိုနေ့ မန္တလေးမြို့ပြင်ဘက်မှာ ရေကစားနေသူများ

ဧပြီလ ၁၃ ရက် သင်္ကြန် အကြိုနေ့မှာ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် တွေကို ရန်ကုန်၊ မန္တလေးနဲ့ တခြား မြို့ကြီးတွေမှာ အခမ်းအနားတွေနဲ့ စတင် ဖွင်လှစ်ခဲ့ပါတယ်။

ယဉ်ကျေးမှု သင်္ကြန်လို့ နာမည်ကြီးတဲ့ မန္တလေးမှာ အခုနှစ် သင်္ကြန် က အရင်နှစ်တွေနဲ့ မတူ တမူ ထူးခြားတယ်လို့ မန္တလေး သင်္ကြန်အ ကြောင်း အစဉ်တစိုက် ရေးသားပြီး အခုနှစ် သင်္ကြန် ကျင်းပရေး အကြံပေးရာမှာ ပါဝင်တဲ့ စာရေး ဆရာ ဆူးငှက်က ပြောပါတယ်။

အရင်နှစ်တွေက ညနေပိုင်းမှ ဖွင့်လှစ်တဲ့ မန္တလေး ဗဟို မဏ္ဍပ်ကို အကြိုနေ့ မနက်ပိုင်းမှာ ဖွင့်လှစ်ခဲ့ပြီး ခါတိုင်းလို မြို့တော်ဝန်က ဖွင့်လှစ်တာ မဟုတ်ဘဲ မြို့မြို့ဖတွေ ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တာကလည်း ထူးခြားတယ်လို့ စာရေး ဆရာ ဆူးငှက်က ပြောပါတယ်။

မန္တလေး ၂၆ ဘီ လမ်းမကြီးပေါ်မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်တွေ ဆောက်ခွင့် မပေးတော့ဘဲ လမ်းလျှောက် သင်္ကြန် ပုံစံမျိုး ပြောင်းပြီး စတုဒီသာ မဏ္ဍပ်တွေ၊ ရိုးရာ ရေကစား မဏ္ဍပ်တွေပဲ ခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။

အရင်က မြို့တော်ဝန် မဏ္ဍပ်လို့ ခေါ်တဲ့ ဗဟို မဏ္ဍပ်ကြီးပေါ်မှာလည်း အရင်နှစ်တွေကလို ကြေးကြီးပေး ငှားရတဲ့ တီးဝိုင်း၊ အဆိုတော်၊ ရုပ်ရှင်မင်းသား မင်းသမီးတွေမရှိတော့ဘဲ မေတ္တာနဲ့ ဖြော်ဖြေမှု တွေသာ ရှိတယ်လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်းအစိုးရနဲ့ စည်ပင်သာယာရေး ကော်မတီတို့ ညှိနှိုင်းပြီး ဖြစ်သင့်တဲ့ သင်္ကြန် အဖြစ် အခုနှစ်မှာ စတင် ပြောင်းလဲ ဆောင်ရွက်တဲ့ အတွက် အခက်အခဲ တချို့ ရှိပေမဲ့ အကြိုနေ့မှာပဲ မြို့သူမြို့သား အများစုက သင်္ကြန်ကို ကျေနပ်တယ်လို့ သိရကြောင်း သူက ပြောပါတယ်။

လူကြီးလူငယ်နဲ့ ကလေးတွေပါမကျန် ပျော်ရွှင်နိုင်အောင် စီစဉ်ထားပြီး မန္တလေးရဲ့ ရှေးဟောင်းပုံရိပ်ကို ပြသထားတဲ့ အတွက် နိုင်ငံခြားက လာတဲ့ ကမ္ဘလှည့် ခရီးသည်တွေ အနေနဲ့လည်း မိသားစုအလိုက် ပါဝင် ဆင်နွှဲကြတာ တွေ့ရတယ်လို့ စာရေး ဆရာ ဆူးငှက်က ပြောပါတယ်။

ရန်ကုန်မှာတော့ ရေကစား မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ များနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

လူအတော်များများက ရန်ကုန်မှာ သင်္ကြန် မကျဘဲ တခြား မြို့တွေဆီ သွားကြတဲ့ အတွက် အကြိုနေ့မှာ မစည်ကားဘဲ ခြောက်ကပ်နေတယ်လို့ ရန်ကုန်သားတွေက ပြောကြပါတယ်။