ရိုဟင်ဂျာ လှေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်

  • 13 ဧပြီ 2017
Image caption ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာ

မြန်မာ နိုင်ငံ ဘက်ခြမ်းက ရိုဟင်ဂျာတွေကို သယ်ဆောင်လာတဲ့ လှေနှစ်စင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဧပြီလ ၁၃ ရက်၊ ကြာသပတေးနေ့တုန်းက ပစ်ခတ် ခဲ့တယ် ဆိုပြီး ဒေသတွင်း သတင်းစာတွေက ပြောနေပါတယ်။

အဲဒီလို ပစ်ခတ် ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး၊ လေးဦး ဒဏ်ရာ ရသွားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အတည်ပြုတယ် လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ နတ်မြစ်ကို ကူးလာတဲ့ ငါးဖမ်းလှေ နှစ်စင်း ဆီက စတင် ပစ်ခတ် လာတဲ့ အတွက် ပြန်လည် ပစ်ခတ် ခဲ့ရတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အာဏာပိုင်တွေ က ပြောနေပါတယ်။

ပစ်ခတ်မှုတွေ အပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိနေတဲ့ လှေတစ်စင်း ကျန်ရစ် ခဲ့တာမှာ၊ အဲဒီ့ လှေပေါ်မှာ ယာဘ လို့ခေါ်တဲ့ မက်သာဖက်တမီးန် စိတ်ကြွ ဆေးပြား ၂ သောင်း ၈ ထောင်လည်း ဖမ်းဆီး မိခဲ့တယ်လို့ တက်ခ်နာ့ဖ် မြို့က ရဲမှုး မာအီနူဒင် ခန်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြ ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းက တိုက်ခိုက်မှု တွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာတွေ သောင်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာ ခဲ့ကြပါတယ်။