ဝ ဌာနချုပ် ပန်ခမ်း ညီလာခံကို မွန်ပြည်သစ် မတက်ရောက်

  • 13 ဧပြီ 2017
Image caption ပန်ခမ်း ဌာနချုပ်က UWSA တပ်သားတွေ

ဝ လက်နက်ကိုင် တပ်ဖွဲ့ UWSA ရဲ့ ဌာနချုပ် ဖြစ်တဲ့ ပန်ခမ်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အစည်းအဝေး ဧပြီလ ၁၃ ရက်က စလို့ ပြုလုပ် နေပါတယ်။

မွန်ပြည်သစ်ပါတီ ကတော့ သူတို့ အဲဒီ အစည်းအဝေးကို မတက်ရောက် သလို၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လည်း သွား မတက်ဘူး ဆိုပြီး ဘီဘီစီကို အတည်ပြု ပါတယ်။

သင်္ကြန်ရက်နဲ့ တိုက်ဆိုင် နေသလို၊ အချိန်မပေး နိုင်တဲ့ အတွက် ပန်ခမ်း အစည်းအဝေးကို သွား မတက်တာ ဖြစ်တယ် ဆိုပြီး မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

UWSA ဘက်က အဲဒီ ညီလာခံကို တက်ဖို့ ဖိတ်တဲ့ အခါညီညွတ်သော တိုင်းရင်းသား လူမျိုးစု ဖက်ဒရယ် ကောင်စီ UNFC ဆိုတဲ့ တပ်ပေါင်းစု အဖွဲ့ကို ဖိတ်တာ မဟုတ်ပဲ၊ တစ်ဖွဲ့ချင်းစီ အလိုက် ဖိတ်ခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ဟံသာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တုန်းကလည်း ပန်ခမ်းမှာ ညီလာခံ တစ်ရပ် ကျင်းပခဲ့ပြီး ပြင်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ရဲ့ ပြင်ပ နည်းလမ်းကို ရှာဖွေဖို့ မူဝါဒ ချမှတ် ထားပါတယ်။

ဒါဟာ UNFC က တောင်းဆိုတဲ့ မူ ၉ ချက်ကို အစိုးရနဲ့ တပ်မတော်ကသာ သဘောတူမယ် ဆိုရင် NCA ထဲ ပါဝင် နိုင်မယ် ဆိုတဲ့ UNFC ရဲ့ လမ်းကြောင်းနဲ့ ကွဲလွဲ နေပါတယ်။

UNFC ထဲက ကချင် လက်နက်ကိုင် KIA ကလည်း ပန်ခမ်းမူကို လက်ခံတယ် လို့ ထုတ်ဖော် လာတဲ့နောက် UNFC ထဲ နှစ်ခြမ်းကွဲ တော့မလား ဆိုတဲ့ တွက်ဆမှုတွေ ဖြစ်ပေါ် လာစေပါတယ်။

ဧပြီလဆန်းမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ UNFC အဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး၊ KIA အနေနဲ့ UNFC ရဲ့ NCA လမ်းကြောင်းကိုလည်း မစွန့်လွှတ်ဘူး ဆိုတဲ့ သဘောထားမျိုးကို တွေ့လာရပါတယ်။