မနှစ်ကနဲ့မတူတဲ့ မွန်သင်္ကြန်

  • 14 ဧပြီ 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption ရန်ကုန်သင်္ကြန်ဆင်ဆင်နွှဲတာလည်း မဏ္ဍပ်နည်းလို့ ထူးခြားခဲ့

မွန်ပြည်နယ် သထုံမြို့နယ်က သင်္ကြန်ဆင်နွှဲမှုတွေမှာ ယခင် ဌာနဆိုင်ရာနဲ့ ဝန်ထမ်းတွေသာ ဗဟိုမဏ္ဍပ်မှာ ဆင်နွှဲခွင့်ရခဲ့ပေမယ့် ဒီနှစ် သင်္ကြန်မှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ရှိခဲ့တယ်လို့ မွန်ပြည်နယ် လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးအောင်ကျော်သူက ဘီဘီစီကို ပြောပါတယ်။

ဒီနှစ် သထုံသင်္ကြန်မှာတော့ ဗဟိုမဏ္ဍပ်မှာ ရေကစားတာကို ပြည်သူလူထုတွေ မည်သူမဆို ပါဝင်နိုင်ကြောင်း ကြော်ငြာပြီး ဖိတ်ခေါ်ခဲ့သလို စင်တင်တေးဂီတ ဖျော်ဖြေမှုတွေမှာလည်း မြို့ခံဝါသနာရှင်တွေကို ကုန်ကျစရိတ် စိုက်ထုတ်ပေးပြီး ဖျော်ဖြေစေခဲ့တယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။

သထုံမြို့မှာ ၁၉၈၈ နောက်ပိုင်းကတည်းက အစဉ်အလာ ပျောက်ကွယ်ခဲ့ရတဲ့ သံချပ်အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း ပြန်တွေ့ခဲ့ရသလို အလှပြ ယာဉ်တွေလည်း ပြန်ထွက်ခဲ့ပါတယ်။

သထုံမြို့ရဲ့ သင်္ကြန်ဆင်နွှဲမှုတွေထဲမှာ ရခိုင်ရိုးရာ နံ့သာသွေးပွဲကိုလည်း ရခိုင်တိုင်းရင်းသားတွေအပါအဝင် တခြား တိုင်းရင်းသားတွေလည်း ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

မွန်ပြည်နယ်က ကျေးရွာတွေမှာ သင်္ကြန်ပွဲတော် ဆင်နွှဲပုံကလည်း ထူးခြာပြီး မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းတွေအတွက် ရွာဝင်ရွာထွက် လှည့်လည် အလှူခံပြီးမှ ညနေပိုင်း ရေကစားတဲ့ ထုံးစံရှိတယ်လို့ the Voice Daily သတင်းစာရဲ့ မွန်ပြည်နယ် သတင်းထောက် မခတ္တာနွန်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ရိုးရာ သင်္ကြန်ထမင်း စတုဒီသာ ကျွေးမွေးမှုတွေမှာလည်း တခြားဒေသတွေက သင်္ကြန်ထမင်းနဲ့ မတူညီပဲ ထမင်းကို ငါးခြောက်နဲ့ သရက်သီးစတဲ့ အချဉ်တွေနဲ့ ရောပြီး ဖယောင်းနံ့သင်းနေတဲ့ ရေအေးအေးကို ထည့်စားရတဲ့ ထုံးစံရှိတယ်လို့ မခတ္တာနွန်က ပြောပါတယ်။

မွန်သင်္ကြန်ရဲ့ နောက်ထပ် ထူးခြားမှုတခုကတော့ နှစ်ဆန်းတရက်နေ့မှာလည်း စည်စည်ကားကားနဲ့ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆက်လက် ဆင်နွှဲတဲ့ အချက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ