ကမ္ဘာ့ရှားပါး သတ္တဝါတွေ ကရင်တောင်ပေါ် တောတွေထဲ ဆက်လက် ကျက်စားနေ

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် WFF
Image caption ဒေသတွင်း နောက်ဆုံးလက်ကျန် ကျားတွေကို ကရင် ပြည်နယ်ထဲ တွေ့ခဲ့ရ

ကရင်ပြည်နယ်ထဲက တောင်ပေါ် တောတွေထဲ ကမ္ဘာပေါ် မျိုးတုန်းလုနီး ဖြစ်နေတဲ့ တောရိုင်း တိရိစ္ဆာန်တွေ ဆက်လက် ကျက်စား ရှိနေ သေးတာကို တွေ့ခဲ့ ကြရပါတယ်။

အရှေ့တောင် အာရှ ဒေသထဲ နောက်ဆုံး လက်ကျန် တောရိုင်း တိရိစ္ဆာန် တွေကို စစ်တမ်း ကောက်ကြည့်တဲ့ အစီအစဉ် အရ၊ ကရင်ပြည်နယ် တောတွေထဲ လျှို့ဝှက် တပ်ဆင် ထားတဲ့ ကင်မရာ တွေကနေ ဆင်၊ ကျား၊ ကျားသစ် တွေ အပါအဝင် နို့တိုက် သတ္တဝါ အမျိုးအစား အနည်းဆုံး ၃၃ မျိုး အထိ ရိုက်ကူးမိနိုင် ခဲ့ပါတယ်။

အဲဒီထဲက အမျိုးအစား ထက်ဝက်ကျော်ဟာ မျိုးတုန်းမယ့် အန္တရာယ် ကျနေပြီ ဆိုပြီး နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး သမဂ္ဂ အဖွဲ့ကြီးက အနီရောင် အဆင့် တပ်လှန့် နှိုးဆော် ထားတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။

အာရှ ဆင်တွေ၊ ကျားသစ် တွေ အပြင် အာရှ ရွှေရောင် တောကြောင်၊ ဆန်းဘဲ ဝက်ဝံနဲ့ ဒေသတွင်း နောက်ဆုံးလက်ကျန် ကျားတွေကို ကရင် ပြည်နယ်ထဲ တွေ့ခဲ့ရတာပါ။

ဒီလို တောရိုင်း တိရိစ္ဆာန် တွေ ရှိနေသေးသလို၊ တောကောင်တွေကို တရားမဝင် သတ်ဖြတ် နေတဲ့ အုပ်စုတွေလည်း ရှိနေတယ် ဆိုပြီး ဆန်းစစ်မှု ပြုလုပ်နေတဲ့ သဘာဝ ထိန်းသိမ်းရေး သမားတွေက သတိပေးပါတယ်။

အခုလို အချိန်မျိုးမှာ ကမ္ဘာပေါ်က တခြား နေရာတွေမှာ မဆိုထားနဲ့၊ အရှေ့တောင် အာရှ ဒေသတွင်းမှာကို ကရင်ပြည်နယ်လောက် သဘာဝ တောရိုင်း တိရိစ္ဆာန် မျိုးစိတ် မျိုးကွဲ စုံစုံလင်လင် ရှိနေ နိုင်သေးတဲ့ နေရာမျိုး အင်မတန် ရှားသွားပြီလို့ Wildlife Asia အဖွဲ့က ဒါရိုက်တာ ကလဲ ကင်းဘဲလ်က ပြောပါတယ်။

အခု လေ့လာ ဆန်းစစ်မှုတွေကို ကမ္ဘာ့ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး ရံပုံငွေ အဖွဲ့ WWF ရဲ့ အကူအညီနဲ့ ကရင် တောရိုင်း ထိန်းသိမ်းရေး အဖွဲ့ KWCI က ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။