ရန်ကုန် လူသတ်မှုနဲ့ အလိုရှိနေသူ ဗြိတိန် နိုင်ငံသားကို အင်တာပို ဝရမ်းထုတ်

  • 15 ဧပြီ 2017
Image caption ဘီနော့တီကို တွေ့တဲ့ နေရာမှာ ဖမ်းပြီး မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ရမှာ ဖြစ်

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဗြိတိသျှ လူမျိုး ကျောင်းဆရာ တစ်ဦး ဦးခေါင်းဒဏ်ရာ၊ ရင်ဘတ် ဒဏ်ရာတို့နဲ့ သေဆုံးနေတာ တွေ့ခဲ့ရတဲ့ အမှုနဲ့ ပတ်သက်ပြီး အလိုရှိနေတဲ့ Harris Binotti ဆိုသူကို ဖမ်းဆီး ရရှိ နိုင်ဖို့ အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုက ဖမ်းဝရမ်း ညီမျှတဲ့ အနီရောင် အဆင့် ညွှန်ကြားလွှာ ထုတ်ပြန် လိုက်ပါတယ်။

ဟဲရစ် ဘီနော့တီဟာ သေဆုံးသူ ဂယ်ရီ ဖာဂူဆန်နဲ့ ကျောင်းတစ်ကျောင်း တည်းမှာ အတူ အလုပ် လုပ်ကိုင် ခဲ့သူ ဖြစ်ပြီး၊ အလောင်း မတွေ့ရခင် နှစ်ည အလိုက အပြင်ကို အရက်သောက် အတူ ထွက်ခဲ့ပြီး၊ မစ္စတာ ဘီနော့တီရဲ့ အခန်းဆီကလည်း ငြင်းခုန် အော်ဟစ်သံတွေ ကြားခဲ့ရတယ် ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ ထွက်ဆိုချက်တွေ ရှိထားပါတယ်။

အသက် ၂၇ နှစ် အရွယ် မစ္စတာ ဘီနော့တီဟာ မြန်မာနိုင်ငံကနေ ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ် လို့ ယူဆ ထားပါတယ်။

အခုလို အင်တာပိုရဲ့ အနီရောင် အဆင့် ညွှန်ကြားလွှာကြောင့် ကမ္ဘာ့ အနှံ့က ရဲတပ်ဖွဲ့တွေ အနေနဲ့ မစ္စတာ ဘီနော့တီကို တွေ့ရှိတဲ့ နေရာမှာ ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ရမှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ရှေ့နေ NLD ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင် ပတ်သက်နေတဲ့ တရားခံပြေးအဖြစ် ကြေညာ ခံထားရသူ အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့ အင်တာပိုက အနီရောင် အဆင့် ညွှန်ကြားလွှာ ထုတ်ပြန် ခဲ့ပါတယ်။