ရခိုင်ပြည်နယ်ထဲ မုန်တိုင်းငယ်တခု ဝင်ရောက်နိုင်

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Department of Meteorology and Hydrology
Image caption မုန်တိုင်းငယ်အဆင့်အနေနဲ့ ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်

ဧပြီလ ၁၅ရက်နေ့ည ၆နာရီက တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းက မုန်တိုင်းငယ်ဟာမြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်- အနောက်တောင်ဘက် ၂၃၅မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၇၀ခန့် ၊ သံတွဲမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၂၀ခန့်နဲ့ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် ၄၃၅မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းငယ်ဟာ သင်္ကြန်အတက်နေ့မှာ ကျောက်ဖြူနဲ့ သံတွဲမြို့လောက်ကို ဝင်နိုင်ကြောင်းနဲ့ မုန်တိုင်းငယ်အဆင့် တနာရီ ၃၅မိုင်နဲ့ မိုင်၄၀ အကြား ရှိနေပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့် ဖြစ်သွားရင်၄၅မိုင် ပတ်ဝန်းကျင်နဲ့ အများဆုံး မိုင်၅၀လောက်အထိ တိုက်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၀ပေကနေ ၁၅ပေအထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

မကွေးဘက်မှာ မိုးများနိုင်ပြီး လျှပ်တပြက် ရေကြီးတာတွေ၊ တောင်ကျရေ ကျတာတွေ ရှိလာနိုင်တာမို့ သတိထားဖို့ လိုတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

မုန်တိုင်းကြောင့် ရေယာဉ်တွေနဲ့ လေယာဉ်တွေ မတော်တဆ ထိခိုက်မှု မဖြစ်စေဖို့ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း သတိပေး နှိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ သံတွဲမြို့မှာတော့ သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ဖို့ ရခိုင်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်အေးသိန်း ပါဝင်တဲ့ တာဝန်ရှိ အဖွဲ့ ရောက်ရှိနေတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ သံတွဲမြို့မှာ မိုးအုံ့နေပြီး ပင်လယ်ပြင်ကလည်း ထူးထူးခြားခြား တည်ငြိမ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။