ဧရာဝတီတိုင်းထဲ ရေကြောင်း အသွားအလာ ရပ်ထား

  • 15 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ကမ်းလွန်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းကြီး နိုင်

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည် ရွေ့လျားလာနေတဲ့ အတွက် မြန်မာနိုင်ငံ တဝန်းမှာ လာမယ့် ဧပြီလ ၁၇ ရက် အထိ မိုးရွာတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ် ဆိုပြီး အစိုးရက သတိပေးထားပါတယ်။

ဧရာဝတီ တိုင်းဒေသကြီး ထဲမှာတော့ မုန်တိုင်း ဝင်လာမှာကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရေကြောင်း သွားလာမှုတွေ ပိတ်ထားတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

လေပြင်းဒဏ်ကနေ ရေယာဉ်တွေ အကာအကွယ် ဖြစ်နိုင်တဲ့ လုံခြုံရာ နေရာတွေလည်း သတ်မှတ်ပြီး ဒေသတွင်း ခရိုင်၊ မြို့နယ် အားလုံးကို အသိပေး ထားတယ်လို့ တိုင်းအစိုးရ လျှပ်စစ်၊ လမ်းပမ်း နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။

လိမ္မော်ရောင် အဆင့် သတ်မှတ်ထာတဲ့ အဲဒီ မုန်တိုင်းငယ်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းကြီး နိုင်တဲ့ အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေ သတိထားကြပါ ဆိုပြီး မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ထုတ်ပြန် ထားပါတယ်။