မာရသာမုန်တိုင်း ရခိုင်ကို စတင်ဝင်ရောက်

  • 16 ဧပြီ 2017

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မာရသာဟာ ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးကနေ စတင်ဝင်ရောက်နေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ နာရီပိုင်းတွေအတွင်း ဝင်ရောက်နိုင်တဲ့အတွက် အနီရောင်အဆင့်အဖြစ် သတ်မှတ်ခဲ့ပြီး စတင်ဝင်ရောက်ချိန်မှာတော့ အညိုရောင်အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ မူပိုင် DMH
Image caption ညပိုင်းမှာ မုန်တိုင်း စဝင်နေပြီ

မုန်တိုင်းဝင်တဲ့အခါ လေတိုက်နှုန်း ၅၀ ကနေ ၆၀ လောက်အထိ ရှိမယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ဘီဘီစီကို တနင်္ဂနွေညနေပိုင်းက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့အပြင် မြန်မာပြည်အလယ်ပိုင်းက မန္တလေး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း အောက်ပိုင်း စတဲ့ဒေသတွေဘက်မှာလည်း မိုးသက်လေပြင်းကျနိုင်တယ်လို့ သူက ပြောပါတယ်။

မုန်တိုင်းကြောင့် ကျောက်ဖြူမြို့၊ သံတွဲမြို့နဲ့ ဂွမြို့တွေအနီး ကမ်းခြေတွေမှာ ဒီရေ ၄ ပေက ၆ ပေခန့်အထိ၊ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသတွေမှာ ၂ ပေကနေ ၄ ပေအထိ မြင့်တက်နိုင်တယ်လို့ ဒေါက်တာ ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရေကြီးတာ နဲ့ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် သတိထားကြဖို့လည်း သတိပေးနှိုးဆော်ထားတယ်လို့ သူက ပြောပါတယ်။