မာရသာ မုန်တိုင်း နောက်ဆုံး အခြေအနေ

  • 16 ဧပြီ 2017
ဓာတ်ပုံ မူပိုင် မိုးဇလ
Image caption တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင် အတွင်းရှိတဲ့ လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပေါ်

ဆိုင်ကလုန်း မုန်တိုင်း မာရသာ ဟာ ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ခွဲလောက်က ရခိုင်ပြည်နယ် သံတွဲ မြို့နား ကို စတင် ဖြတ်ကျော် ဝင်ရောက် ခဲ့ကြောင်း မိုးလေဝသ နဲ့ ဇလဗေဒ ဦးစီး ဌာန က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း က သံတွဲမြို့ အနီးကို ဖြတ်ကျော် ဝင်ရောက်ပြီးနောက်မှာ တဖြည်းဖြည်း အားလျော့ ကာ ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် ဆက်လက် တည်ရှိ နေပါတယ်။

ကုန်တွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နေစဉ်အတွင်း တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင် အတွင်းရှိတဲ့ လေပြင်း တိုက်ခတ်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မိုးကြီးခြင်း၊ ရေကြီး ရေလျှံ ခြင်း၊ နဲ့ မြေပြိုမှုတွေ ကြုံတွေ့ နိုင်တဲ့ အတွက် မိုးဇလဦးစီး ဌာန က သတိပေးချက်တွေ ထုတ်ပြန် ထားပါတယ်။

မုန်တိုင်း မဝင်ခင် အချိန်မှာ ကမ်းရိုးတန်း ဒေသ မှာ နေထိုင် တဲ့သူတွေကို ရွှေ့ပြောင်းရေး ဆောင်ရွက် ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်တွေကို လည်း သတိပေးချက်တွေ ပေးပို့ နိုင်ခဲ့တဲ့ အတွက် ပင်လယ်ပြင်မှာ ငါးဖမ်းလှေ တွေ မရှိတော့ဘူးလို့ ပြောပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို လည်း ကြိုတင် တပ်လှန့် ထားတယ်လို့ သိရပါတယ်။

မုန်တိုင်း ဖြတ်ကျော် ဝင်ရောက်မဲ့ စစ်တွေ နဲ့ သံတွဲ ကြားက နေရာဒေသ တွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့ ပြင်ဆင် ထားတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

မုန်တိုင်း သက်ရောက်မှုကြောင့် ရေကြီး ရေလျှံမှုတွေ ကြုံရနိုင်တာကြောင့် ရွှေစက်တော် ဘုရားဖူး တွေကိုလည်း အလျင်အမြန် ရှောင်ရှားဖို့ ဆောင်ရွက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက ကယ်ဆယ်ရေး သိုလှောင်ရုံတွေမှာ မုန်တိုင်း ခံရရင် ထောက်ပံ့နိုင်ဖို့ အတွက် ပစ္စည်းတွေ အဆင်သင့် သိုလှောင် သိမ်းဆည်း ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ဝန်ကြီးတွေကိုယ်တိုင် အရေးပေါ်စီမံ ခန့်ခွဲရေး အတွက် ဆောင်ရွက် နေကြောင်း ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောကြား ခဲ့ပါတယ်။