ဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး သိမ်မွေ့လွန်းတယ်လို့ သမ္မတပြော

  • 17 ဧပြီ 2017
Image caption မတူ ကွဲပြားမှုတွေကို ပေါင်းပြီး အင်အားအဖြစ် ရောက်လာအောင် ကြိုးပမ်းမယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တစ်ရပ် ပေါ်ပေါက်လာဖို့ ဆိုတာ အင်မတန် သိမ်မွေ့လွန်းတဲ့ အတွက် အထူး သတိထား ဆောင်ရွက် နေတယ် ဆိုပြီး သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

တိုင်းပြည်ကို ပြောတဲ့ သမ္မတရဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားထဲ အဲဒီလို ထည့်သွင်းစ ပြောခဲ့တာပါ။

ဖွဲ့စည်းပုံ ဥပဒေသစ် ဆိုတာ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကိစ္စတွေကို ရှေ့ရှုတာ ဖြစ်တယ်လို့လည်း သမ္မတ မိန့်ခွန်းထဲ တွေ့ရပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရက အကောင်အထည် ဖော်တဲ့အခါ အထောက်အကူ ဖြစ်စေဖို့ အများပြည်သူက ထည့်ဝင် လှူဒါန်းတဲ့ ငွေတွေ ကျပ်သန်း ထောင်ပေါင်း များစွာ ရရှိခဲ့တာကို ကြည့်ရင် လူတွေဟာ ငြိမ်းချမ်းတဲ့ ဘဝကို ဘယ်လောက် လိုချင် နေကြတာလဲ ဆိုတာကို ပြသ နေတယ်လို့လည်း သမ္မတ ဦးထင်ကျော်က ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နေကြတဲ့ အဓိက အင်အားစုကြီး နှစ်ခု ဖြစ်တဲ့ လက်ရှိ အစိုးရ နဲ့ တပ်မတော် အကြား အခုထက် ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက် ထားရှိဖို့ လိုအပ် နေတယ် ဆိုပြီး မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် လေ့လာ စောင့်ကြည့်နေတဲ့ ပြည်ထောင်စု အင်စတီကျု အဖွဲ့က ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ် ကောက်ယူမှုတွေဟာ အစိုးရ၊ တပ်မတော်နဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား အကွဲကွဲအပြားပြား ဖြစ်မနေပဲ တစ်ခုတည်း ထွက်ပေါ်လာဖို့ အရေးကြီးတယ် လို့လည်း ဦးခွန်းဆိုင်းက ဆိုပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းထဲမှာတော့ NCA အကြောင်း မီးမောင်းထိုး ပြောထားတာ မတွေ့ရပေမယ့် တိုင်းရင်းသား မျိုးနွယ်စုပေါင်း တရာကျော် မှီတင်း နေထိုင်တဲ့ ပြည်ထောင်စုကြီးမှာ မတူ ကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားတစ်ရပ် အဖြစ် ရောက်ရှိ လာအောင် ကြိုးပမ်း သွားကြရမယ်လို့ ဆိုထားပါတယ်။