မာရသာ ဆိုင်ကလုံးကြောင့် အဆောက်အဦ တချို့ ပျက်စီး

  • 17 ဧပြီ 2017
Image caption အဆောက်အဦ ပျက်စီးမှု တချို့ ဖြစ်ပေါ် ခဲ့

မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်း ဟာ နှစ်ဆန်းတရက် မနက်ပိုင်းမှာ အားပျော့ သွားပြီ ဖြစ်ပေမယ့် နေရာ အနှံ့အပြားမှာ မိုးဆက်လက် ရွာနိုင်တယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

အတက်နေ့ ကတော့ ရခိုင်ပြည်နယ်ကို ဆိုင်ကလုံး "မာရသာ"(Maarutha) ဝင်ရောက် ခဲ့လို့ တချို့ မြို့နယ်တွေမှာ အဆောက်အဦ ပျက်စီးမှု တချို့ ဖြစ်ပေါ် ခဲ့ပေမယ့် လူ အသအပျောက် ရှိတယ်လို့တော့ မကြားရ ပါဘူး။

သံတွဲမြို့နယ် ကုန်းတွင်းပိုင်းမှာ တနာရီ မိုင် ၅ဝ နှုန်း အထိ လေပြင်း ခဲ့ပြီး အဆောက်အဦ ခေါင်မိုးလန်တာ၊ သစ်ကိုင်းပိလို့ ခေါင်မိုးပြိုတာမျိုးတွေ ဖြစ်ခဲ့တယ် ဆိုပြီး သံတွဲ မြို့နယ် အုပ်ချုပ် ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

မာန်အောင်နဲ့ ရမ်းဗြဲ မြို့နယ်တွေ ထဲမှာလည်း ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် တချို့ ခေါင်မိုး ပျက်စီး ခဲ့ရပြီး ကျောက်ဖြူ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည် စခန်းမှာတော့ ၈ ခန်းတွဲ လူနေ အဆောင် တဆောင် ပြိုပျက် သွားခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ မြန်မာပြည် အလယ်ပိုင်း မှာလည်း မကွေး-နေပြည်တော်-ကံပြားလမ်း ပေါ်မှာ ရှိတဲ့ မြို့သစ်မြို့နားက တံတား ကျိုးပျက် သွားတဲ့ အတွက် ယာဉ် အသွားအလာတွေ ရပ်တန့် နေရတယ် ဆိုပြီး ဒေသတွင်း သတင်းတွေက ဆိုပါတယ်။