နှစ်ဆန်း တစ်ရက်နေ့မှ မောင်တောမှာ စတင် ရေကစား

  • 17 ဧပြီ 2017
Image caption ရခိုင်ရိုးရာ နံ့သာသွေးပွဲကို တက်ရောက်လာကြတဲ့ ရခိုင် လှပျိုဖြူများ

မြန်မာနိုင်ငံမှာ သကြန်အဆုံးသတ်သွားပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံ အနောက် ဘက် အစွန်ဆုံး မောင်တောနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ က ရခိုင်အများစုနေထိုင်တဲ့ ဒေသ တွေမှာ တော့ နှစ်ဆန်းတစ်ရက် နေ့မှာ သင်္ကြန်ရေကစားပွဲကို စတင်ခဲ့တယ်လို့ သိရ ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ နဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံထဲက ရခိုင်လူမျိုးတွေ နေထိုင်တဲ့ ဒေသ တွေမှာ နှစ်ဆန်း တစ်ရက်နေ့ကျမှ သင်္ကြန် ရေပက်ကစားတာကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

မောင်တော ဒေသမှာ နှစ်ဆန်းတစ်ရက်နေ့ကျမှ ရေကစား လာတာ နှစ်ပေါင်း ၆၀ ကျော် အစဉ်အလာ ရှိပြီ ဖြစ်ကြောင်း မောင်တောမြို့မှ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ညွှန့်က ရှင်းပြပါတယ်။

သင်္ကြန်အကျနေ့မှာ ဘုရားသပ္ပါယ်ပြီး အကြတ်၊ အတက်နေ့မှာ လူကြီးမိဖတွေက ဘုန်းကြီး ကျောင်းသွားကာ ဥပုတ်သီလ ဆောက်တည်ကြပါတယ်။ နှစ်ဆန်း တစ်ရက် နေ့မှာ သက်ကြီးရွယ်အိုတွေကို ပူဇော်ကြကာ နေ့လယ်ပိုင်းမှာတော့ ဆောက်လုပ် ထားတဲ့ ရေကစားမဏ္ဍပ်တွေမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေက တစ်ဖက်နဲ့ တစ်ဖက် လောင်းလှေတွေမှာရေဖြည့်ပြီး ကစားကြတာ ဖြစ်ပါတယ်။

ယခင်နှစ်တွေကတော့ မောင်တော ဌာနဆိုင်ရာတွေက ဧပြီ ၁၃ ရက်နေ့မှာ ၁၆ ရက်နေ့ထိ မဏ္ဍပ်တွေဆောက်လုပ်ပြီး ရေကစားကြပေမယ့် ဒီနှစ်မှာတော့ နှစ်ဆန်း တစ်ရက်နေ့မှ စတင်ပြီး မောင်တောဒေသခံတွေ ကျင်းပတဲ့ အတိုင်း စည်ကား အောင် ကျင်းပခဲ့တယ်လို့ ဒီနှစ်သင်္ကြန်ရဲ့ ထူးခြားပုံကို ဒေသခံ ဦးဝေစောဝေက ပြောပါတယ်။

ရခိုင်လို ဖလောင်းချိတ်လို့ ခေါ်တဲ့ ဘင်္ဂလာဒေ့ရှ်က ကော့ဘဇားမြို့မှာလည်း နှစ်ဆန်း တစ်ရက်နေ့မှာ သင်္ကြန်ကျပြီး ရေကစားကြောင်း ရခိုင်ဗုဒ္ဓဘာသာဖွံ့ဖြိုးရေး အသင်းက ဦးညီပုက ပြောပါတယ်။

တကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မောင်တောနဲ့ ဘင်္ဂလားဒေ့ရှ် ရခိုင်ရွာတွေမှာ ဧပြီ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ သုံးရက်တိုင်ကျင်းပ သွားကြမှာ ဖြစ်ပါတယ်။