တိုင်းရင်းသား ၇ ဖွဲ့ကိုယ်စားပြု ပန်ခမ်းကော်မတီဖွဲ့စည်း

  • 18 ဧပြီ 2017
ဓာတ်ပုံ မူပိုင် TNLA
Image caption တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်

ဝပြည် ပန်ခမ်းမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေကြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA) ၊ မိုင်းလား လက်နက်ကိုင်တပ်ဖွဲ့ (NDAA) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တွေ့ဆုံပြီး အရင်ပန်ခမ်း ညီလာခံမှာ ဆုံးဖြတ်ခဲ့ကြတဲ့ အတိုင်း NCA ပြင်ပလမ်းကြောင်းကို ရှာဖွေကြတာ ဖြစ်ပါတယ်။

ပန်ခမ်းတိုင်းရင်းသား ၇ ဖွဲ့ဟာ အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီဟာ ငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကို တိုင်းရင်းသား ၇ ဖွဲ့ကိုယ်စား ဆွေးနွေးမယ့် ကော်မတီလို့ TNLA အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်က တအာင်းအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ရခိုင်တပ်မတော်တို့နဲ့ တရုတ်ပြည်မှာ သင်္ကြန်မတိုင်ခင်က တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် အရေးကြီး ကိစ္စတွေရှိလို့ သင်္ကြန်ပြီးမှတွေ့မယ်လို့ ဆိုင်းငံ့ခဲ့ပါတယ်။ ကေအိုင်အေ အဖွဲ့ကတော့ UNFC ထဲမှာလည်း ပါဝင်နေတာကို အစိုးရဘက်က အကြောင်းပြပြီး တွေ့ဆုံရာမှာ ချန်လှပ်ထားခဲ့ပါတယ်။

အခုသင်္ကြန်အပြီးမှာ တွေ့ဆုံမယ်ဆိုရင်တော့ တအာင်း အဖွဲ့က ၃ ဖွဲ့တည်း သီးသန့် မတွေ့ဆုံတော့ပဲ တွေ့ဆုံဆွေးနွေးရေး ကော်မတီ အနေနဲ့ပဲ တွေ့ဆုံဖို့ လိုလားတယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

တိုင်းရင်းသားတွေဟာ နယ်မြေအနေအထားနဲ့ မတူညီတဲ့ သေနင်္ဂဗျူဟာတွေ အရ NCA လမ်းကြောင်းနဲ့ ပန်ခမ်းလမ်းကြောင်း ကွဲပြားနေပေမယ့် ဘုံရည်မှန်းချက်က အတူတူဖြစ်တဲ့ အတွက် တချိန်မှာ ပြန်လည် ပေါင်းဆုံမိလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ