ရွှေတိဂုံမှာ စျေးရောင်းတဲ့ မွတ်ဆလင်ကို သံဃာတွေ တားဆီး

  • 18 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဘုရား စောင်းတန်းမှာ ဘာသာခြားတွေ စျေးရောင်းတာ မျိုးချစ် သံဃာများ မလိုလား

ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း တစ်ရက်နေ့က ရွှေတိဂုံဘုရားမှာ အစ္စလာမ် ဘာသာဝင် ကိုသန်းနိုင်ဦး စျေးရောင်း နေတာကို မြန်မာ မျိုးချစ် ရဟန်းတော်များ အဖွဲ့က သံဃာ တချို့က ပိတ်ပင် တားဆီးခဲ့ ပါတယ်။

စျေးရောင်းခွင့် မရှိဘူးလို့ ပြောဆိုပြီးနောက် ဗဟန်းမြို့နယ် ထဲက ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး မျက်နှာကို နှစ်ချက် ရိုက်နှက်ခဲ့တယ်လို့ ကိုသန်းနိုင်ဦးက ပြောပါတယ်။

နောက်ပိုင်းမှာ သူရောင်းတဲ့ မျက်မှန် ၁၀၀ ကျော်ကို သိမ်းဆည်း ထားလိုက်ပြီး ပြန်လိုချင်ရင် နောင်ကို အဲဒီ နေရာမှာ စျေးမရောင်း ပါဘူးဆိုတဲ့ ခံဝန် ကတိ ရေးထားတဲ့ စာကို လက်မှတ်ရေးထိုး ယူလာရမယ်လို့ သံဃာတွေက ပြောလိုက် ပါတယ်။

ဒါပေမဲ့ ဧပြီလ ၁၈ ရက် ညနေပိုင်းမှာ ဗဟန်း ရဲစခန်းက သူ့ကို ဆက်သွယ်လာပြီး ပစ္စည်းတွေ ပြန်ယူလို့ ရပြီလို့ ပြောကြောင်း ကိုသန်းနိုင်ဦးက ပြောပါတယ်။

မြန်မာ မျိုးချစ် ရဟန်းတော်များအဖွဲ့ (ရန်ကုန်) ရဲ့ အတွင်းရေးမှူး ဦးသုစိတ္တ ကတော့ ဗုဒ္ဓ ဘာသာဝင်တွေ အထွဋ် အမြတ် ထားတဲ့ ဘုရားမှာ ဗုဒ္ဓ ဘာသာ စျေးသည်တွေကိုသာ မြင်ချင်ပြီး မွတ်ဆလင် တွေကို မရောင်းစေချင်တဲ့ အတွက် ခွင့်မပြုဖို့ အရင် အစိုးရနဲ့ အခု အစိုးရထံကို ပန်ကြား ထားခဲ့ပြီး ဖြစ်တယ်လို့ မိန့်ပါတယ်။

ရွှေတိဂုံ ဘုရားနဲ့ ရန်ကုန်က တန်ခိုးကြီး ဘုရားတွေကို IS အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိနိုင်တယ်လို့ ကြေညာထားတဲ့ အတွက် ရွှေတိဂုံ စေတီတော်ကြီး လုံခြုံရေးနဲ့ အခါကြီး ရက်ကြီးမှာ ကောင်းမှု ကုသိုလ် လုပ်ကြတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ မွတ်ဆလင်တွေကို တားမြစ်ရတာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။