ရန်ကုန် လူသတ်မှုနဲ့ အလိုရှိနေသူကို ဆက်ပြီး စောင့်ကြည့်မယ်

  • 19 ဧပြီ 2017
Image caption စကော့တလ် ရဲတပ်ဖွဲ့က ဆက်လက် စောင့်ကြည့် နေ

ရန်ကုန်မြို့ လူသတ်မှုနဲ့ အလို ရှိနေသူကို ဖမ်းဆီးဖို့ သူတို့မှာ အခွင့် အာဏာ ရှိမနေဘူး ဆိုပြီး စကော့တလန် ရဲတပ်ဖွဲ့က ပြောတယ်လို့ အေဂျင်စီ သတင်းတချို့က ရေးသား နေပါတယ်။

ဟဲရစ် ဘီနော့တီ ၂၆ နှစ်ကို စကော့တလန် နိုင်ငံ၊ ဂလပ်စ်ကို မြို့ပြင်က ခရိတ်တန် ဆိုတဲ့ အရပ်မှာ မြင်တွေ့ ထားရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂယ်ရီ ဖာဂူဆန်လို့ ခေါ်တဲ့ ဗြိတိသျှ နိုင်ငံသား ကျောင်းဆရာ တစ်ယောက် အသတ် ခံခဲ့ရမှုမှာ ဟဲရစ် ဘီနော့တီကို မြန်မာ အာဏာပိုင်တွေက အလိုရှိ ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပို ကလည်း ဟဲရစ် ဘီနော့တီ အပေါ် ဖမ်းဝရမ်းနဲ့ ညီမျှတဲ့ အနီရောင် ညွှန်ကြားချက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန် ထားပါတယ်။

ဒီလို အင်တာပိုရဲ့ ညွှန်ကြားချက် ရှိနေပေမယ့် စကော့တလန် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန် ချက်ထဲမှာတော့ ဂယ်ရီ ဖာဂူဆန် သေဆုံးမှု အပေါ် မြန်မာ အာဏာပိုင်တွေက ဦးဆောင် စစ်ဆေး နေတာဖြစ်ပြီး၊ အခု လက်ရှိ အခြေအနေအရ စကော့တလန် ရဲတပ်ဖွဲ့ အနေနဲ့ မစ္စတာ ဘီနော့တီကို ဖမ်းဆီးဖို့ ဘယ်လို အခွင့် အာဏာမျိုးမှ ရှိမနေဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ဟဲရစ် ဘီနော့တီနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် ဆက်လက် စောင့်ကြည့် နေမှာ ဖြစ်တယ်လို့ စကော့တလ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဟဲရစ် ဘီနော့တီဟာ သေဆုံးသူ ဂယ်ရီ ဖာဂူဆန်နဲ့ ကျောင်းတစ်ကျောင်း တည်းမှာ အတူ အလုပ် လုပ်ကိုင် ခဲ့သူ ဖြစ်ပြီး၊ အလောင်း မတွေ့ရခင် နှစ်ည အလိုက အပြင်ကို အရက်သောက် အတူ ထွက်ခဲ့ကြောင်း သိရှိ ထားရပါတယ်။