ခေတ်သစ် ပိုးလမ်းမ မဟာဗျူဟာ စီမံကိန်းကို ဘေဂျင်းမှာ သုံးသပ်မယ်

  • 19 ဧပြီ 2017
Image caption ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်မယ့် ခေတ်သစ် ပိုးလမ်းမကြီး

တရုတ် နိုင်ငံရဲ့ One Belt, One Road လို့ ခေါ်တဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်း အတွက် ရှေ့လမယ့် မေလထဲကျရင် ဘေဂျင်းမှာ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြီး အစဦး သုံးသပ်ချက်တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီ BRI ထိပ်သီး ဆွေးနွေးပွဲကို မြန်မာ၊ ဖိလစ်ပိုင်၊ ရုရှား၊ တူရကီနဲ့ ပါကစ္စတန် အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်လာဖို့ မျှော်လင့်ရတယ် ဆိုပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

One Belt, One Road စီမံကိန်းဟာ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ဆက်သွယ်မယ့် ခေတ်သစ် ပိုးလမ်းမကြီးလို့ ခေါ်ရမယ့် ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖော်ဆောင်ကြဖို့ ရည်မှန်း ထားတာ ဖြစ်ပါတယ်။

ပိုးလမ်းမလို ကုန်းတွင်းပိုင်း ကုန်သွယ်ရေး လမ်းကြောင်း သာမကပဲ၊ အခု ခေတ်သစ် ကုန်သွယ် လမ်းမကြီးကတော့ ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးလုံးကို တဆက်တစပ်တည်း ရှိလာ စေဖို့ ရည်ရွယ် ထားပါတယ်။

အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ တောင်အာရှ နိုင်ငံတွေကြား တည်ရှိ နေတဲ့ မြန်မာ နိုင်ငံဟာ အရှေ့-အနောက် ဆက်သွယ်ရေး ကုန်းလမ်းမှာ အရေးပါနေသလို၊ ရခိုင် မဒေးကျွန်း ရေနက် ဆိက်ကမ်း ကနေ ယူနန်ပြည်နယ် ကူမင်း အထိ ဆက်သွယ်ထားတဲ့ ရေနံပိုက်လိုင်းကြောင့် မလက္ကာ ရေလက်ကြားကို တရုတ် ရေနံတင် သင်္ဘောတွေ တကွေ့တပတ် သွားလာ နေရတာကို လျှော့ချ နိုင်တဲ့ အကျိုးကျေးဇူးမျိုး တရုတ် အနေနဲ့ ရရှိ ထားပါတယ်။