ရန်ကုန်က လက်သင့်ရာ လုပ်ခွင့်ပေးခဲ့တဲ့ လုပ်ငန်းတွေကို ပြန် စိစစ်မယ်

  • 19 ဧပြီ 2017
Image caption စည်ပင် က တာဝန်ယူပြီး မြေငှားရမ်း လုပ်ကိုင်ခွင့် ပေးခဲ့တဲ့ လုပ်ငန်း တွေကို အဓိက ထားပြီး စစ်ဆေး အရေးယူသွားမှာ ဖြစ်

ပြီးခဲ့တဲ့ အစိုးရ လက်ထက် က အစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးကာနီး အချိန်မှာ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူ့ဥယျာဉ်၊ မြကျွန်းသာ၊ ကရဝိတ် စတဲ့ အထင်ကရ နေရာကြီးတွေကို ကာလ ပေါက်စျေးထက် အဆမတန် လျှော့ပြီး လက်သင့်ရာ ကို လုပ်ပိုင်ခွင့် ပေးခဲ့တာတွေအတွက် ရန်ကုန်တိုင်း လွှတ်တော်က ထောက်ပြ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်း အစိုးရကြီး လက်ထက်မှာ စည်ပင် က တာဝန်ယူပြီး မြေငှားရမ်း လုပ်ကိုင်ခွင့် ပေးခဲ့တဲ့ လုပ်ငန်း တွေကို အဓိက ထားပြီး စစ်ဆေး အရေးယူသွားမှာ ဖြစ်ပါတယ်။

စိစစ်မှုတွေ လုပ်မယ့် လုပ်ငန်းတွေကတော့ ပြည်သူ့ ရင်ပြင် နဲ့ ပြည်သူ့ ဥယျာဉ် လုပ်ငန်း၊ မြကျွန်းသာ၊ ကန်တော်ကြီး သဘာဝ ဥယျာဉ်၊ ရှုခင်းသာ ပန်းဥယျာဉ်၊ မြောက်ဥက္ကလာ မြို့နယ် က ကန်သာယာ ပန်း ဥယျာဉ် လုပ်ငန်း နဲ့ ကန်တော်မင်္ဂလာ ပန်းခြံ လုပ်ငန်းတွေ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်း တွေ အတွက် ကုမ္ပဏီ ငါးခု က လုပ်ပိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။ ကနဉီးတုန်း က စည်ပင် က ငှားရမ်း လုပ်ပိုင်ခွင့် ပေးခဲ့တဲ့ နေရာမှာ စာချုပ် ချုပ်ဆို ထားခြင်းလည်း မရှိဘဲ မူအားဖြင့် သဘောတူညီပြီး ငှားရမ်း ပေးခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။ ၂၀၁၀ ကျမှ အစိုးရ အနေနဲ့ စာချုပ်ပြန်လည် ချုပ်ဆို ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တစ်ဧက ကျော် အကျယ်အဝန်း ရှိတဲ့ မြေနေရာ ကို တစ်လမှာ ဆယ်သိန်း လောက်နဲ့ ငှားရမ်း ထားတဲ့ အတွက် ပြန်လည် စိစစ်ဖို့ လွှတ်တော်မှာ တင်သွားမှာ ဖြစ်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ကာလ ပေါက်ဈေးထက် မြေငှားရမ်းခ နည်းပါး နေမှု အပေါ်မှာ လွှတ်တော် အနေနဲ့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ကို ထောက်ပြ သွားမယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

NLD အစိုးရ သက်တမ်း တစ်နှစ်ပြည့်လာတဲ့ အချိန်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေနဲ့ အခုလို ကိစ္စ တွေကို အရေးယူမှု အားနည်းနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ကို အနေနဲ့ မြေငှားရမ်းမှု ကိစ္စတွေကို အစီရင်ခံစာ တင်ပြဖို့ လွှတ်တော်မှာ တင်ပြ ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စတွေကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က အကောင်အထည်ဖော် ဆောင်ရွက်ပေးရမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောပါတယ်။

မြေငှားရမ်းမှု နည်းပါးနေတဲ့ ကိစ္စတွေ၊ ပန်းခြံ တွေမှာ စားသောက်ဆိုင်တွေက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းနေတာတွေကို ထောက်ပြပြီး ပြုပြင်ပေးဖို့ တောင်းဆို သွားမယ်လို့ သိရှိရပါတယ်။