ပန်ခမ်းညီလာခံ NCA ကို လက်မခံ

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် PSLF/TNLA
Image caption တတိယ အကြိမ် ပန်ခမ်းညီလာခံတက်ခဲ့တဲ့ TNLA ခေါင်းဆောင်များ

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပန်ခမ်းမှာ လုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများရဲ့ အစည်းအဝေး အပြီးမှာ တိုင်းရင်းသား ၇ ဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အဖွဲ့တွေက အစိုးရ လက်ရှိ သွားနေတဲ့ NCA လမ်းကြောင်း အတိုင်း လိုက်မှာ မဟုတ်ဘဲ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်စဲပြီး နိုင်ငံရေး အရ ဘယ်လို ဆွေးနွေးမယ် ဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းသစ်ကို ဖော်ဆောင်တာ ဖြစ်တယ်လို့ အဲဒီ ၇ ဖွဲ့မှာ ပါတဲ့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ကို ဘယ်လို ပုံစံနဲ့ ချဉ်းကပ်မလဲ ဆိုတာ ဆွေးနွေးခဲ့ကြပြီး အစိုးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးတဲ့ အခါ တစ်ဖွဲ့ချင်းစီ အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ အနေနဲ့သာ ဆွေးနွေးမယ်လို့ လည်း ဒီကနေ့ အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဲဒီ ဘုံသဘောထား ရပ်တည်ချက်အရသာ ဆွေးနွေးမယ့် ဘုံ စာတမ်း ဆိုတာက ဝ ဒေသမှာ လုပ်ခဲ့တဲ့ ပထမ အကြိမ် တိုင်းရင်းသား ညီလာခံမှာ UWSA ဝအဖွဲ့ရဲ့ တင်ပြချက်ကို ပြန်လည် မွမ်းမံထားတာ ဖြစ်ပြီး အဓိက အားဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ပြန်လည် နေရာချထားရေး၊ ပြည်ထောင်စု ပြန်လည် ဖွဲ့စည်းရေး အပါအဝင် တိုင်းရင်းသား တွေရဲ့ အခွင့်အရေး နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပါဝင်တယ်လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော် အတွင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ် ယူထားတဲ့ နေရာမှာ တိုင်းရင်းသား ကိုယ်စားလှယ် တွေကို အစားထိုး သင့်တယ် လို့လည်း ဆွေးနွေး ခဲ့တယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင် တွေရဲ့ စတုတ္တ အကြိမ် အစည်း အဝေး ကို ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ရဲ့ ဌာနချုပ် ပန်ခမ်း ဒေသမှာ ဧပြီလ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ ၄ ရက်ကြာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။