ပန်ခန်းဆုံးဖြတ်ချက် အစိုးရလက်မခံ

  • 20 ဧပြီ 2017
ဓာတ်ပုံ မူပိုင် u zaw htay fb
Image caption ပန်ခန်း အစည်းအဝေး ဆုံးဖြတ်ချက်ဟာ ရှင်းရှင်း လင်းလင်း မရှိ

မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့က အစိုးရရဲ့ NCA လမ်းကြောင်း အတိုင်း မဟုတ်ဘဲ တခြား လမ်းကြောင်း အတိုင်း သွားမယ့် ကိစ္စ အပေါ် အစိုးရ အနေနဲ့ ကတော့ NCA ကို လက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံ လမ်းကြောင်း အတိုင်း သွားရမှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက အခိုင် အမာ ပြောကြား လိုက်ပါတယ်။

UWSA ဝ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ဌာနချုပ် ပန်းခန်းမှာ ကျင်းပ ပြီးစီး သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ရဲ့ အထူး အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မခံ တော့ပဲ ငြိမ်းချမ်းရေး အတွက် တခြားလမ်း ကြောင်းတခု ဆောင်ရွက် မယ် ဆိုပြီး ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ပန်းခန်းက ဆုံးဖြတ်တဲ့ အတိုင်း သွားမယ် ဆိုတဲ့ အဖွဲ့ တွေထဲမှာ အရင် UNFC ရဲ့ NCA လမ်းကြောင်း အတိုင်း သွားမယ့် ဆိုတဲ့ အဖွဲ့ လည်း ပါနေတဲ့ အတွက် ပန်ခန်း အစည်းအဝေး ဆုံးဖြတ် ချက်ဟာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ဦးဇော်ဌေးက ထောက်ပြပါတယ်။

သင်္ကြန် အပြီး မြောက်ပိုင်း ၃ ဖွဲ့နဲ့ တွေ့မယ် ဆိုတဲ့ ကိစ္စ ကတော့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ဆက်စပ် ဆောင်ရွက်မယ့် အပိုင်း ဖြစ်တယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။

NCA မှာ လက်မှတ် ထိုးထားတဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF သဘောထား ကတော့ ငြိမ်းချမ်းရေး ရှေ့ ဆက် သွားနိုင်ဖို့ အတွက် တပ်မတော် ကနေ တိုင်းရင်းသား လက်နက် ကိုင် နယ်မြေ တွေထဲ ဝင်တိုက် နေတာ တွေကို ရပ်ဖို့ လိုတယ် လို့ ABSDF ဗဟိုဦးဆောင် ကော်မတီဝင် ကိုဆလိုင်းယော်အောင်က ပြောပါတယ်။