ဓားပြတွေလို့ ယူဆရသူ ၇ ယောက်ကို မောင်တောနယ်ထဲ ဖမ်းမိ

  • 20 ဧပြီ 2017
Image caption ရခိုင်မြောက်ပိုင်း ရဲစခန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ သေနတ်ကိုင် ဓားပြတွေလို့ သံသယ ရှိရသူ ၇ ယောက်ကို ဖမ်းဆီး စစ်ဆေး နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဓားပြခေါင်းဆောင် အဖြစ် ရဲတပ်ဖွဲ့က ရည်ညွှန်း ပြောကြတဲ့ အဒူယာဟိန် ဆိုသူရဲ့ အဖွဲ့က လက်နက်ကိုင် ဓားပြတွေ အဖြစ် ယူဆ ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ဖွဲ့ထားတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင် ရဲမှူးကြီး နေသူစိုးက ဘီဘီစီကို ပြောပါတယ်။

အဲဒီသူတွေကို အင်းဒင် အနောက်ရွာလို့ ခေါ်တဲ့ ထုန်ဆင်းကျေးရွာမှာ ဧပြီလ ၁၉ ရက်နေ့ တုန်းက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဒူယာဟိန် ရှိနေတဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ရွာ တစ်ရွာထဲ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရှင်းလင်း ခဲ့ပေမယ့် အဲဒီသူဟာ သေနတ် ပစ်ဖောက်ပြီး ထွက်ပြေး သွားနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် လူတစ်ယောက် ဒဏ်ရ ရခဲ့ပါတယ်။

အဲဒီ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အဒူရာတေး နောက် ခြေရာခံ လိုက်နေရာက အင်းဒင် အနောက်ရွာမှာ သူ့ရဲ့ အဖွဲ့ဝင်တွေလို့ ယူဆ ရသူတွေကို ဖမ်းဆီး မိတာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ဟာ မျက်နှာဖုံး အနက်တွေ စွပ်ပြီး ကျေးရွာတွေထဲ ဓါးပြ တိုက်ကြလေ့ ရှိတယ်လို့ ရဲမှူးကြီး နေသူစိုးက ပြောပါတယ်။

အစိုးရနဲ့ ပူးပေါင်းသူတွေ အဖြစ် အမြင်ခံရတဲ့ မွတ်ဆလင်တွေလည်း လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်တာ ခံနေရတဲ့ အတွက် အခု ဖမ်းမိထားတဲ့ အဖွဲ့ ပါဝင် ပတ်သက် နေသလား ဆိုတာ စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

သိထားရသမှ စာရင်းတွေထဲ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်းမှာ အစိုးရနဲ့ ပူးပေါင်းသူတွေ အဖြစ် ယူဆ ခံရသူတွေ အသတ်ခံရတာ ၃၂ ယောက် ရှိနေပြီလို့ ရဲမှူးကြီး နေသူစိုးက ပြောပါတယ်။