ဦးဝင်းတင် မျှော်မှန်းတဲ့ မီဒီယာလွတ်လပ်ခွင့် အပြည့် အဝ မရသေး

  • 21 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Shwe Innthar Khin Maung Win
Image caption အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံရေးနဲ့ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်

သတင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သဘာပတိ အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်တာ သုံးနှစ် ပြည့်ပေမဲ့ သူ ဖြစ်စေချင်တဲ့ မီဒီယာ လွတ်လပ်ခွင့် ကတော့ အပြည့်အဝ မရသေးဘူး လို့ စာရေး ဆရာမ မသီတာ (စမ်းချောင်း)က ပြောပါတယ်။

စာပေစိစစ်ရေး မရှိတော့တဲ့ အတွက် မီဒီယာ လွတ်လပ်ခွင့် အထိုက်အလျောက် ရလာတယ်လို့ သူက ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့် ရနိုင်ဖို့ အခက်အခဲတွေရှိနေတာက အမှန်တရားကိုရှာဖွေ ဖော်ထုတ်ဖို့ လိုအပ်တဲ့ သတင်းမီဒီယာတွေ ဖက်က အားနည်းချက်၊ သတင်း လွတ်ခွင့်ဆိုင်ရာ အခြေခံ သဘောတရား တွေကို ပြည်သူတွေ နားလည် သဘောပေါက်ပြီး စိစစ် ဝေဖန် ပိုင်းခြားနိုင်စွမ်း အားနည်းမှုတို့ အပြင် ဥပဒေ ကြောင်းအရ အာမခံချက်တွေ အားနည်းတာကြောင့်လို့ သူက ပြောပါတယ်။

ဒါ့အပြင် မီဒီယာ ပိုင်ဆိုင်ခွင့်မှာလည်း လွတ်လပ်တဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု မဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက် မကင်းသူတွေ က ပိုင်ဆိုင်တဲ့ အတွက် လွတ်လပ်စွာ ပြောဆိုခွင့် အပေါ် သက်ရောက်မှု ရှိတယ်လို့ ဆရာမ မသီတာက သုံးသပ်ပါတယ်။

တချိန်က ဦးဝင်းတင် အယ်ဒီတာအဖြစ် ဆောင်ရွက်တဲ့ သတင်းစာမှာ အာဏာရှင် ဦးနေဝင်းက သူ့စာမူကို သတင်း ခေါင်းကြီးမှာ ထည့်ဖို့ ပြောခဲ့ရာမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် သတင်းစာ အာဘော်ကို အာဏာရှိသူရဲ့ အာဘော် အဖြစ်မခံနိုင်ဘူး ဆိုပြီး ငြင်းဆိုခဲ့ကြောင်း မသီတာက အမှတ်တရ ပြန်ပြောပြပါတယ်။

သတင်းစာ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခဲ့တဲ့ သုံးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်က တော်ဝင် နှင်းဆီခမ်းမမှာ ဧပြီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

NLD သဘာပတိ အဖွဲ့ဝင် ဦးတင်ဦးအပါအဝင် NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဦးဝင်းတင်ကို ချစ်ခင် လေးစားသူတွေ တက်ရောက်ခဲ့ကြပါတယ်။